ပျူခေတ်နဲ့ချိတ်ဆက်နေတဲ့ ရေပူစမ်းတွင်းကို ခရီးသွားလုပ်ငန်းမြှင့်တင်ရာမှာ ထည့်သွင်းဖော်ဆောင်မယ်

ဒီဇင်ဘာ ၁၆-၂၀၂၀
သိင်္ဂီထွန်း(VOM)

ကမ္ဘာ့အမွေအနှစ်ဒေသစာရင်းဝင် သရေခေတ္တရာမြို့ဟောင်းထဲက ရေပူစမ်းတွင်းကို ပြန်လည်ဖော်ထုတ်ပြီး ထိန်းသိမ်းမှုတွေဆောင်ရွက်သွားမယ်လို့ သရေခေတ္တရာဌနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော် မျိုးဝင်းကပြောပါတယ်။

ရေပူစမ်းတွင်းကို တွေ့ရှိထားတာဟာ နှစ်ပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်ပေမယ့်လည်း ထိန်းသိမ်းမှုအပိုင်းကို စနစ်တကျလုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

“ဒီနေရာနဲ့ပတ်သက်ပြီး ပထမဆုံး‌စောင့်ရှောက်ခိုင်း၊ သန့်ရှင်းရေးလုပ်ခိုင်းပြီး နောက်တော့ ရေပူစမ်း အပြင်အဆင်ကို အခြားမြို့ဟောင်းတွေမှာလုပ်သလိုမျိုး စီစဉ်ရပါမယ်၊ အများလေ့လာနိုင်အောင် ဒီ့ထက်တစ်ဆင့်တက်လို့ လာရောက်အပန်းဖြေရေချိုးနိုင်အောင်လည်း စီစဉ်ဖို့လိုပါတယ်၊ တစ်ပါတည်း အဲ့ဒီနေရာမှာ ဒေသခံတွေကထူထောင်ရင်အလုပ်အကိုင်အခွင့်အလန်းရလာမယ်”လို့ ဦးကျော်မျိုးဝင်းကပြောပါတယ်။

ဒါ့ကြောင့် ရေပူစမ်းတွင်းကို ပြန်လည်ဖော်ထုတ်ပြီး တခြားသော ရှေးဟောင်းမြို့ဟောင်းတွေမှာထိန်းသိမ်းထားတဲ့ ပုံစံနည်းတူ ထိန်းသိမ်းမှုပြုလုပ်ကာ ပြည်မြို့အတွက် အများပြည်သူလေ့လာစရာနဲ့ ခရီးသွားလုပ်ငန်းမှာ လည်ပတ်စရာနေရာတစ်ခုအဖြစ် အကောင်အထည်ဖော်ဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ရေပူစမ်းတွင်းမှာ အနောက်ဘက်တွင်းက ရေပူတွင်းဖြစ်ပြီး အရှေ့ဘက်တွင်းက ရေအေးတွင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပြီး ပျူခေတ်ကတည်းက အသုံးပြုခဲ့တဲ့ ရေပူစမ်းတွင်းဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

လက်ရှိမှာတော့ ရပ်ကွက်က စောင့်ရှောက်နေကြောင်းနဲ့ အဲ့ဒီနေရာကိုပြင်ဆင်ဖို့အတွက်ကတော့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ကနေ တိုင်းဒေသကြီးကို ငွေတောင်းခံပေးဖို့လိုအပ်တယ်လို့ ပြောပါတယ်။

သရေခေတ္တရာ မြို့ဟောင်းဟာ ကမ္ဘာအမွေအနှစ်ဒေသစာရင်းဝင် မြို့ဟောင်းတစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့မြို့ဟောင်းဖြစ်ပြီး
ရေပူစမ်းတွင်းဟာ သရေခေတ္တရာမြို့ဟောင်းရဲ့ အနောက်မြောက်ဘက်၊ ပြည်မြို့အထွက် လမ်းဘေးရှိ ဘုရားကြီးဘုရားအနီးမှာ တည်ရှိတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #သရေခေတ္တရာ #ပျူခေတ်ရေပူစမ်းတွင်း

Related posts

Leave a Comment

VOM News

FREE
VIEW