အများသုံးသောက်ရေကန်မှာ ဓာတုဆေးတွေတွေ့ရပြီး အသုံးပြုမိတဲ့ အမျိုးသမီးတစ်ဦးသေဆုံး

ဒီဇင်ဘာ ၂၃-၂၀၂၀
သက်ထားခင် ၊ တိုးကြီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆင်မွှေးကျေးရွာရှိ အများသုံးသောက်ရေကန်တစ်ကန်မှာ ရွှေချက်ရာမှာအသုံးပြုရတဲ့ ဆိုဒီယမ် ဆိုင်ရာနိုက်(Sodium Cyanide)လို့ယူဆရတဲ့ ဓာတုပစ္စည်းတွေ့ တွေ့ရှိခဲ့ပြီး အဲ့ဒီရေကိုအသုံးပြုမိတဲ့ အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့တဲ့အပြင် ကျန်တဲ့ နှစ်ဦးမှာ မူးဝေအော့အန်မှုတွေဖြစ်ပွားခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ်၊ အမှတ်-၁ မဲဆန္ဒနယ်မြေ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်ကပြောပါတယ်။

“cyanide ပါလို့တော့ အတည်မပြုရသေးဘူး၊ cyanideလို့ ယူဆရသော ပစ္စည်းတစ်ခု ခတ်လို့ ဖြစ်ရတယ်လို့တော့ လောလောဆယ် ယာယီ ကောက်ချက်ချကျတဲ့ သဘောပါ၊ လောလောဆယ် ရေတွေကိုတော့ လှယ်နေတယ်၊ ဓာတ်ပြယ်အောင်လည်း လုပ်နေတယ်၊ ရွာသားတွေကတော့ cyanide အခဲလို့ ယူဆပေမယ့် စစ်ဆေးချက်တွေတော့ မရသေးပါဘူး”လို့ ဦးစိုးလွင်က ပြောပါတယ်။

သေဆုံးသွားခဲ့တဲ့ အမျိုးသမီးဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့မနက် ၅ နာရီခန့်က အဲ့ဒီ ဓာတုဆေးလို့ယူဆရတဲ့အရာတွေခတ်ထားတဲ့ အများသုံးသောက်ရေကန်အသုံးပြုပြီး နေအိမ်ကိုပြန်သွားတဲ့အချိန် မနက် ၇ နာရီလောက်မှာ အော့အန်မှုဖြစ်ခဲ့ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီသောက်ရေကန်က ရေတွေကို တရွာတည်းနေသူ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကလည်း အသုံပြုမိခဲ့ပြီး မူးဝေအော့အန်မှုတွေဖြစ်ခဲ့တာကြောင့် သပိတ်ကျင်းပြည်သူ့ဆေးရုံမှာ ကုတခဲ့ရပြီး အခုအချိန်မှာတော့ သက်သာလို့ ဆေးရုံကနေပြန်ဆင်းသွားပြီဖြစ်တယ်လို့ သိရပါတယ်။

အခုလို အများသုံးရေကန်ထဲက ရေတွေကို အသုံးပြုမိသူတွေဟာ မူးဝေအော့အန်ပြီး အသက်သေဆုံးတာတွေဖြစ်လာလို့ ကျေးရွာတာဝန်ရှိသူတွေရဲ့ ဆက်သွယ်အကြောင်းကြားတဲ့အပေါ် မြို့နယ်ကျန်းမာရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့က အဲ့ဒီ အများသုံးရေကန်ကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

” ကျွန်တော်တို့ သွားရောက်စစ်ဆေးတဲ့အခါ ရေကန်ဘောင်ပေါ်မှာ လက်မဝက် အရွယ် ဆိုဒီယမ်ဆိုင်ရာနိုက် အဖြူရောင် ဓာတုအဆိပ်ခဲတုံး ၁ တုံးတွေ့ရတယ်၊ အရည်ပျော်စပြုနေပြီဖြစ်တယ်”လို့ စစ်ဆေးရေးအဖွဲ့မှာလိုက်ပါခဲ့သူ ဆင်မွှေးကျေးရွာ တာဝန်ခံက ပြောပါတယ်။

လက်ရှိမှာတော့ အများသုံးသောက်ရေကန်နှစ်ကန်နဲ့ ရေတွင်းတစ်တွင်းမှာ sodium cyanide လို့ယူဆရတဲ့ ဓာတုပစ္စည်းတွေ့ တွေ့ရှိခဲ့တာကြောင့် ရေကိုသန့်စင်အောင် ပြန်လည်လုပ်ဆောင်နေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကသောက်ရေသန့်နဲ့ ရေတိုင်ဂီတွေကို ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

အဲ့ဒီရေတွင်းရေကန်တွေကို ဆင်မွှေးကျေးရွာမှာရှိတဲ့ အိမ်ခြေ ၁၀၀ ခန့်၊ လူဦးရေ ၄၀၀ ခန့်က အသုံးပြုနေတယ်လို့ သိရပါတယ်။

အခင်းဖြစ်တဲ့ရေကန်ထဲက ရေတွေကိုလည်း ဓာတ်ခွဲစစ်ဆေးမှုတွေပြုလုပ်နေပြီး အသုံးပြုတဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့တဲ့ကိစ္စကို သပိတ်ကျင်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်- ၄၁/၂၀၂၀ အရ အမှုရေးဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သပိတ်ကျင်း #ဓာတုဆေးတွေ့ရေကန် #အမျိုးသမီးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW