တရားခံပြေး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဘူးလက်လှဆွေ လာရောက်အဖမ်းခံ

ဒီဇင်ဘာ ၂၈၊၂၀၂၀
အေးချမ်းသူ(VOM)

နိူင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခြင်းခံရပြီး တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်ထားတဲ့ ဘူးလက်လှဆွေဟာ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ လာရောက်အဖမ်းခံခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “သူကိုယ်တိုင်လာအဖမ်းခံတာပါ၊ ဘယ်နေ့ရုံးထုတ်မလဲဆိုတာတော့ မသိရသေးဘူး”လို့ VOMကိုအတည်ပြုပြောပါတယ်။

ဘူးလက်လှဆွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃ရက်နေ့က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့ လူထုဟောပြောပွဲမှာ အစိုးရနဲ့ဒေါ်အောက်ဆန်းစုကြည်အပေါ် ပုတ်ခတ်စော်ကားပြောဆိုခဲ့တာကြောင့်
ကျောက်တံတားမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက သြဂုတ်လ ၇ရက်နေ့မှာ နိူင်ငံတာ်အကြည်ပျက်စေမှုပုဒ်မ-၁၂၄(က)နဲ့ အနောက်ပိုင်းခရိုင်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။

တရားစွဲဆိုထားတာကို အမှုလာရောက်ရင်ဆိုင်ခြင်းမရှိတဲ့အတွက် သြဂုတ်လ ၈ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့ပြီး တစ်နှစ်ကျော်အကြာ ဒီကနေ့ ဒီဇင်ဘာ ၂၈ရက်နေ့မှာ လာရောက်အဖမ်းခံတာ ဖြစ်ပါတယ်။

ဘူးလက်လှဆွေဟာ တပ်မတော်အငြိမ်းစား အရာရှိကြီးတစ်ဦးဖြစ်ပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိူင်ရရှိခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဘူးလက်လှဆွေ #လာအဖမ်းခံ

Related posts

Leave a Comment

VOM News

FREE
VIEW