ည၁၂ ကျော်မှ အလုပ်ကပြန်လာတဲ့ အလုပ်သမားတွေကို ပုဒ်မ-၁၈၈ ကနေ ကင်းလွတ်ပေးဖို့ တောင်းဆို

ဇန်နဝါရီ ၃-၂၀၂၁
သိင်္ဂီ(VOM)

ရန်ကုန်တိုင်းအတွင်း ည ၁၂နာရီကျော်တဲ့အချိန်မှ အလုပ်ကနေပြန်လာရတဲ့ အလုပ်သမားတွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၈၈( ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျထုတ်ပြန်ကြေညာသော အမိန့်ကိုဖီဆန်ခြင်း)ကနေ ကင်းလွတ်ခွင့်ပေးဖို့အတွက် ရွှေပြည်သာမြို့နယ်က သက်ဆိုင်ရာတာဝန်ရှိတွေဆီကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

အခုလက်ရှိ ရွှေပြည်သာမြို့နယ်အတွင်း ညမထွက်ရအမိန့်နဲ့ ဖမ်းဆီးခံရသူတွေထဲမှာ အောက်ခြေအလုပ်သမားတွေ ပါဝင်နေတဲ့အပြင် ပရဟိတလုပ်ဆောင်နေသူတချို့လည်း ပါဝင်နေတာကြောင့် အခုလို တောင်းဆိုခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်သိရသလောက်က ဖမ်းဆီးခံရပြီး ထောင်ချခံရသူတွေထဲမှာ ဆိုင်အလုပ်သမားရှိတယ်။ သူက အကြော်ဆရာ၊ ည အဖမ်းခံရတယ်။မနက်တရားရုံးတင်ပြီး ထောင်ချလိုက်တယ်။ ကွာရန်တင်းစင်တာမှာ သီချင်းဖျော်ဖြေပေးတဲ့သူတစ်ယောက်ပေါ့၊ သူကလည်း ဖျော်ဖြေပြီး ပြန်အလာ အဖမ်းခံလိုက်ရတယ်။ မြို့ကို တကယ်လုပ်နေသူတွေ ထိခိုက်တယ်၊ အလုပ်သမားတွေ ထိခိုက်တယ် အဲ့ဒီအတွက် ကျနော်တို့ကစိုးရိမ်တာ”လို့ အလုပ်သမားတွေကို ပုဒ်မ-၁၈၈ ကနေ ကင်းလွတ်ခွင့်ပေးဖို့တောင်းဆိုတဲ့ ရောင်ခြည်ဦးအလုပ်သမားရေးရာအဖွဲ့က ကိုနိူင်ဌေးလွင်ကပြောပါတယ်။

ရွှေပြည်သာမြို့နယ်ထဲက စက်ရုံတွေမှာ အလုပ်သမားတွေကို ည ၁၂ နာရီအထိ အချိန်ပိုဆင်းခိုင်းတဲ့ စက်ရုံတွေရှိကြောင်း၊ အချိန်ပိုဆင်းခိုင်းပြီး ဖယ်ရီမပေးတာတွေရှိတဲ့အတွက် အဲ့ဒီလိုစက်ရုံတွေကို အရေးယူပေးတာ ဒါမှမဟုတ် အလုပ်သမားတွေကို ညမထွက်ရအမိန့်နဲ့ အရေးယူတာကနေ ကင်းလွတ်ခွင့်ပေးဖို့လိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ သူငယ်ချင်းတွေထဲမှာတော့ အရင်က ညဘက်အထိ လုပ်ရသူတွေရှိတယ်။ အခုနောက်ပိုင်းလည်း ရံဖန်ရံခါလုပ်ရတယ်လို့ သိရတယ်။ အဲ့ဒီလို ညပိုင်းဆင်းရချိန်တိုင်း သူတို့ကတော့ စက်ရုံမှာပဲ အိပ်ကြတယ်။ ညဘက်ကိုမပြန်ကြဘူး။ အလုပ်သမားတွေကိုတော့ ဖမ်းတာမဖြစ်သင့်ပါဘူး”လို့ ရွှေည်ပြည်သာမြို့နယ်က အလုပ်သမားတစ်ဦးကပြောပါတယ်။

ဒါ့ကြောင့် အလုပ်သမားတွေကို ပုဒ်မ-၁၈၈ ကနေ ကင်းလွတ်ခွင့်ပေးဖို့တောင်းဆိုတဲ့အပေါ် အလုပ်သမား၊ အလုပ်ရှင်၊ စက်မှုဇုန်ကော်မတီ၊ ဒေသအာဏာပိုင်တွေနဲ့ အလုပ်သမားအရေးဆောင်ရွက်သူတွေ ဆွေးနွေးပွဲပြုလုပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

Photo – ရွှေအင်းသားခင်မောင်ဝင်း
#voiceofmyanmar #VOM #ရန်ကုန် #အလုပ်သမား #ပုဒ်မ၁၈၈ကင်းလွတ်ဖို့တောင်းဆို

Related posts

Leave a Comment

VOM News

FREE
VIEW