ကွာရန်တင်းစင်တာမှာ ထောင်ပြန် ၃ ယောက် ရိုက်ပွဲဖြစ်လို့ ၂ ယောက်ဒဏ်ရာရ

ဇန်နဝါရီ ၃-၂၀၂၁
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၊ မိုးကောင်းရပ်ကွက် ၊ မိုးကောင်း အ.လ.က ကွာရန်တင်းစင်တာမှာ ကျန်းမာရေးစစ်ဆေးခံနေတဲ့ ထောင်ပြန် ၃ ယောက်ဟာ မနေ့ ဇန်နဝါရီ ၂ ရက်နေ့ ညပိုင်းက သောက်စားမူးယစ်ကာ ခိုက်ရန်ဖြစ်ပွားပြီး ရိုက်နှက်ကြရာကနေ လူ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

” စင်တာမှာက ကွာရန်တင်ဝင်ပြီး ကျန်းမာရေး စစ်ဆေးခံနေသူ ၁၀ ဦးရှိတယ်၊ အဲ့ဒီအထဲက အမျိုးသား ၃ ယောက်ဟာ ထောင်ကပြန်လည်လွတ်မြောက်လာပြီး ကျန်းမာရေးစစ်ဆေးခံနေတာဖြစ်တယ် ၊ သူတို့ ၃ ယောက် ရိုက်ပွဲဖြစ်တာ”လို့ အဲ့ဒီကွာရန်တင်းစင်တာမှာ ကျန်းမာရေး စစ်ဆေးခံနေတဲ့ အမည်မဖော်လိုသူတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရိုက်နှက်သူဟာ ကွာရန်တင်းစင်တာကနေ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရိုက်နှက်ခံရသူ ၂ ယောက်ထဲက ၁ ယောက်ဟာ သူရဲ့မိသားစုက လာရောက်ခေါ်ဆောင်သွားပြီး ကျန်တဲ့ ဒဏ်ရာရသူ ၁ ယောက်ကို ရဲစခန်းက ခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့လိုက်ရသူတွေပြောပြချက်အရ သိရပါတယ်။

” သူတို့အချင်းချင်း အလျင်းမသင့်လို့ ဖြစ်ကြတာပါ၊ အမှုဖွင့်တာတော့ မရှိပါဘူး”လို့ ပင်လည်ဘူးမြို့ရဲစခန်းက ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက် မနက်ပိုင်းကလည်း ပင်လည်ဘူးမြို့ ၊ မြို့မ (၁) ရပ် ၊ မြို့မ စာသင်ကျောင်း ကွာရန်တင်းစင်တာမှာ ကျန်းမာရေးစစ်ဆေးခံနေတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ယောက် ကြိုးဆွဲချသေဆုံးခဲ့တဲ့အတွက် ပင်လည်ဘူးမြို့မရဲစခန်းက သေမှုသေခင်းဖွင့်ပြီး စစ်ဆေးခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပင်လည်ဘူး #ထောင်ပြန်သုံးယောက်ရန်ဖြစ် #၂ဦးဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW