ငမိုးရိပ်ချောင်းထဲမှာ ဂုန်းကောင်ဆင်းကောက်တဲ့ လူငယ် ၄ ယောက် ရေနစ်လို့ သေဆုံး

လှည်းကူး၊ ဇန်နဝါရီ ၃ – ၂၀၂၁
ကိုတိုးကြီး (VOM)

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဖောင်ကြီးအနောက်ကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာအရှေ့ဘက် ငမိုးရိပ်ချောင်းထဲမှာ မနေ့ ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းကလေးငယ် ၄ ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ဖောင်ကြီးနယ်မြေရဲ စခန်းက သိရပါတယ်။

“သေဆုံး ကလေး ၄ ယောက်ဟာ မငြိမ်းသီရိကို အသက် ၂၂ နှစ်၊ သွန်းသီရိကို အသက် ၁၂ နှစ်၊ မောင်ညီမင်းဇော် အသက် ၁၀ နှစ် နဲ့ မမြတ်နိုးခိုင် အသက် ၁၅ နှစ်တို့ ဖြစ်တယ်.”လို့ ဘုရားကုန်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြင့်နိုင်က VOM ကို ပြောပါတယ်။

သေဆုံးသူ လူငယ် ၄ ယောက်ဟာ အလျား ပေ ၅၀ ၊ အနံ ပေ ၃၀ ၊ ရေအနက် ၁၅ ပေရှိတဲ့ ရေအိုင်ထဲမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဖောင်ကြီးနယ်မြေရဲစခန်းက ရဲအရာရှိတစ်ယောက်က “မငြိမ်းသီရိကိုနဲ့ မသွန်းသီရိကို ညီအစ်မ ၂ ယောက်ကို ရေပေါ်မှာ မှောက်လျက် အနေအထားနဲ့ တွေ့ရတယ် ၊ ကျန် ၂ ယောက်ဖြစ်တဲ့ မောင်ညီမင်းဇော်နဲ့ မမြတ်နိုးခိုင်တို့ကိုတော့ ရေအောက်မှာ ငုတ်ပြီးရှာဖွေခဲ့ရတယ်”လို့ ပြောပါတယ်။

သေဆုံးသူ ၄ ယောက်နဲ့အတူ ငမိုးရိပ်ချောင်းအတွင်း ဂုန်းကောင်ကောက်ဖို့ အတူသွားခဲ့တဲ့ မဖူးငုံလှိုင်က ” ညီမင်းဇော် ရေထဲပြုတ်ကျသွားတာကို အစ်မ ၃ ယောက်က ဆင်းတဲ့အခါ သူတို့ပါ ရေနစ်ကြတာ “လို့ ရဲကို ပြောပြပါတယ်။

သေဆုံးသူ မောင်နှမ ၄ ယောက်ရဲ့ ရုပ်အလောင်းတွေ စစ်ဆေးနိုင်ဖို့အတွက် ရဲဆေးစာနဲ့ ဖောင်ကြီးစခန်းမှူး ရဲအုပ် သန်းဇော်ဦးက ဖောင်ကြီးတိုက်နယ်ဆေးရုံကို မနေ့ ညနေပိုင်းက ပို့ဆောင်ခဲ့ရာ ဆေးရုံက PR ၁/၂/ ၃/ ၄/ ၂၀၂၁ အရ လက်ခံ စစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီ လူသေဆုံးမှုကို ဖောင်ကြီးနယ်မြေ ရဲစခန်းက သေမှု သေခင်း အမှတ်စဉ် ၁ / ၂၀၂၁ အရ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#VoiceofMyanmar #VOM #ဖောင်ကြီး #ဂုန်းကောင် #ရေနစ်သေဆုံး #လှည်းကူး #ငမိုးရိပ်ချောင်း

Related posts

Leave a Comment

VOM News

FREE
VIEW