ပဲခူးထောင်မှာ အကျဉ်းသားတစ်ဦး ကိုဗစ်နဲ့သေဆုံး၊ အကျဉ်းသား ၅၆ ဦး ကိုဗစ်ပိုးကူးစက်ခံထားရ

ဇန်နဝါရီ ၃-၂၀၂၀
သိင်္ဂီထွန်း(VOM)

ပဲခူးအကျဉ်းထောင်က အကျဉ်းသား ၅၆ ဦးမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရပြီး ကူးစက်ခံရသူ တစ်ဦးကတော့ သေဆုံးသွားပြီဖြစ်တယ်လို့ ပဲခူးမြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့က ပဲခူးအကျဉ်းထောင်ကနေ ပဲခူးဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူရင်း သေဆုံးသွားတဲ့ အကျဉ်းသားတစ်ဦးမှာ ကိုဗစ် ၁၉ ပိုးတွေ့ရှိရပြီးနောက် အကျဉ်းထောင်အတွင်း ထိစပ်အကျဉ်းသားတွေကို ထပ်မံစစ်ဆေးခဲ့ရာ အကျဉ်းသား ၅၅ ယောက်မှာ ကိုဗစ်ပိုးကူးစက်ခံထားရတာကို သိခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် အကျဉ်းထောင်မှာ သေဆုံးသူအပါအဝင် ကိုဗစ်ကူးစက်ခံရသူ ၅၆ ဦးတွေ့ရှိထားတာဖြစ်ပါတယ်။

” ထောင်ထဲမှာ ၅၆ ယောက်ပိုးတွေ့တယ်။ ဒါကြောင့် ထောင်ထဲကို ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေ လုပ်နေကြတယ်လို့ သိရတယ်။ ကျန်းမာရေးဘက်ကလည်း ပိုးတွေ့သူကို တရားဝင်ထုတ်တာတွေ့ရတယ်။ထောင်ကနေလည်း မနေ့ညပိုင်းက အကျဉ်းသားတချို့ကို ထောင်ရွှေ့တာရှိတယ်”လို့ ပဲခူးဒေသခံ ကိုဝင်းကပြောပါတယ်။

ပဲခူးအကျဉ်းထောင်မှာက အကျဉ်းသား ၇၀၀ လောက်ရှိကြောင်း၊ အဲ့ဒီအထဲကမှ အကျဉ်းသား ၅၆ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိတာကြောင့် အကျဉ်းသား ၁၆၉ ဦးကို တချို့ကို ဒိုက်ဦး၊ ကျိုက်ဇကော့အကျဉ်းထောင်ကို ရွှေ့ပြောင်းပို့ဆောင်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက် ပြီး ပဲခူးအကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်ရာမှာတော့ “ထောင်ပြောင်းတယ်။ လူကလည်းကြပ်တယ်။ရွှေ့လိုက်တဲ့အတွက် ကျန်တဲ့သူတွေက ခပ်ကြဲကြဲဖြစ်သွားမယ်။ ကျန်တဲ့သူတွေလည်း ကိုဗစ်နဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိဘူး။ ထောင်က လူ ၇၀၀လောက်ရှိတယ်ဆိုတော့လေ”လို့ ပြောပါတယ်။

ထောင်အတွင်းမှာ ကိုဗစ်ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် အကျဉ်းသားတချို့ကို ထောင်ပြောင်းခြင်းဖြစ်ပြီး ပဲခူးထောင်မှာလည်း ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo – သန်းဝင်းနိုင်
#voiceofmyanmar #VOM #ပဲခူး #အကျဉ်းထောင် #ကိုဗစ်နဲ့သေဆုံး #ရောဂါပိုးတွေ့၅၆ဦးရှိ

Related posts

Leave a Comment

VOM News

FREE
VIEW