မိုးကုတ်မှာ ကျောက်တွင်းမြေပြိုကျလို့ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၃-၂၀၂၁
ကိုတိုးကြီး (VOM)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ရှောလီဝိုင်းအုပ်စု၊ ဘရန်သျှို ငါးရန့်အင်း အထက်ဘက် ကျောက်မျက်လုပ်ကွက်တစ်ခုမှာ ဒီကနေ့ နေ့လယ်ပိုင်းက ကျောက်တွင်းမြေပြိုကျရာကနေ လူ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့ မြတ်စေတနာ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

“မြေပြိုကျပြီး တွင်းပိသွားတာပါ၊ တွင်းထဲမှာ ဗြုန်း(မြေ)တူးနေတဲ့ လူ ၂ ယောက် မြေပိတာဖြစ်တယ်၊ ၁ ယောက်လို့ ၁ ယောက် ဒဏ်ရာရတယ်”လို့ မြတ်စေတနာမွန် လူမှုကူညီရေးအသင်း အဖွဲ့ဝင် ကိုဖိုးလပြည့်က ပြောပါတယ်။

ကျောက်တွင်း မြေပြိုကျတဲ့နေရာကို ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနိုင်ဖို့ မိုးကုတ်မြို့ပေါ်က လူမှုကူညီးရေးအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ အချိန်မီ ရောက်လာတဲ့အတွက် အသက်ရှင်လျက် ၁ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန် ၁ ယောက်ရဲ့ ရုပ်အလောင်းကို ခက်ခက်ခဲခဲ ဖော်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီ မြေပြိုကျရာကနေ တွင်းပိသူတွေဟာ အသက် ၃၀ နှစ် ဝန်းကျင် အမျိုးသား ၂ ယောက်ဖြစ်ပြီး မိုးကုတ် ပြည်သူ့ဆေးရုံကို ပို့ဆောင်နေဆဲဖြစ်ပြီး အမည်၊ အသက် နဲ့ နေရပ်လိပ်စာကို စုံစမ်းမေးမြန်းနေစဲဖြစ်တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်အတွင်း စက်တင်ဘာ ၁၆ရက်နေ့ကလည်း မြေပြိုလို့ လူ ၃ ယောက်သေဆုံးတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပြီး သြဂုတ်လ ၁၂ရက်နေ့ကလည်း တွင်းပြိုကျလို့ အလုပ်သမား ၁ ဦးသေဆုံးခဲ့တဲ့အပြင် ဒီဇင်ဘာ ၂ရက်နေ့ကလည်း ကျောက်တွင်းလုပ်ကွက်ဟောင်း မြေပြိုလို့ အောင်စီဂျင်ပြတ်ကာ လူ ၁ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။

Photo – မြတ်စေတနာမွန် လူမှုကူညီရေး
#voiceofmyanmar #VOM #မိုးကုတ် #ကျောက်တွင်းမြေပြို #လူတစ်ဦးသေ

Related posts

Leave a Comment

VOM News

FREE
VIEW