ရခိုင်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး UEC က ထုတ်ပြန်ဖို့လို

ဇန်နဝါရီ ၈- ၂၀၂၁
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်အတွင်း ​ပြီးခဲ့တဲ့ နိုဝင်ဘာလက ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ဖို့ လိုကြောင်း ရခိုင်နိုင်ငံရေးသမားတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က” တပ်မတော်ကလည်း မနေ့က ထုတ်ပြန်တာတွေ့ပါတယ်။ အခြေအနေကတော့ ဖြစ်နိုင်ဖို့ပ်ိုများပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ဖို့ဘဲလိုတော့တယ်။” လို့ ရခိုင်က ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲပြန်ကျင်းပရေးနဲ့ ဆက်စပ်ပြီး ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင် ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ မြို့နယ်တွေကိစ္စနဲ့ ဆက်စပ်ပြီး UEC အနေနဲ့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံသို့ ဒီကနေ့အချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန် ညွှန်ကြားလာတာ မရှိသေးဘူးလို့ ပြည်နယ် ရွေးကောက်ပွဲကောက်မရှင်ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောပါတယ်။

” သမ္မတကလည်း ထုတ်ပြန်ထားတာပါပဲ။ တကယ်လို့ ရွေးကောက်ပွဲမလုပ်ရင် သူတို့စာက သူတို့ကို ကဲ့ရဲ့ သွားမှာပေါ့။ အတိုင်းအတာ တစ်ခုထိ အချိန်ဆွဲလို့ ရမှာပေါ့။ သိပ်ကြာဖို့မထင်ပါဘူး။ လုပ်မယ်ဆိုရင် လွှတ်တော်ဖွင့်နေစဥ်ကာလ အထိ အချိန်မှီပါသေးတယ်။ တတိယအကြိမ်လွှတ်တော် မကျင်းပမီ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ လုပ်လို့ရသေးတယ်။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အစိုးရမတင်မြောက်မီ အချိန်အထိ လုပ်လို့ရတယ်။” လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဆိုပါတယ်။

တပ်မတော်ကလည်း မနေ့ ဇန်နဝါရီ ၇ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ် ၉ ခုမှာ ရွေးကောက်ပွဲကို အမြန်ဆုံးပြန်လည်ကျင်းပဖို့ တိုက်တွန်းထုတ်ပြန် ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်သမ္မတတို့ကပါ တိုက်တွန်းနေကြတာလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့လ ရခိုင်ပြည်နယ်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကပေးပို့တဲ့ သဝဏ်လွှာမှာ အေအေရဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ မတိုင်မီ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ ထုတ်ပြန်ချက်က်ိုကာကွယ်ရေးဦးစီးချုပ်ကကြိုဆိုထားတာမို့ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ နိုင်ငံတော် သမ္မတကလည်း ရခိုင်မှာ ရွေးကောက်ပွဲကျင်းဖို့အရေး သက်ဆိုင်ရာအဖွဲ့အစည်းတွေကို မေတ္တာရပ်ခံထားပါတယ်။

#voiceofmyanmar #VOM #ရခိုင်ရွေးကောက်ပွဲ

 

Related posts

Leave a Comment

VOM News

FREE
VIEW