လူကုန်ကူးမှုနဲ့အမှုဖွင့်ခံထားရတဲ့ ဘုန်းကြီး သတင်းသုံးတဲ့ကျောင်းကို ချိတ်ပိတ်

ဇန်နဝါရီ ၈-၂၀၂၁
ကိုအောင်(VOM)

ပုသိမ်မြို့မှာ လူကုန်ကူးမှုနဲ့ထွက်ပြေးတိမ်းရှောင်နေတဲ့ ဘုန်းကြီးသတင်းသုံးနေထိုင်သော သာသနာ့ဓမ္မဂုဏ်ရည်ကျောင်းကို သက်ဆိုင်ရာကဒီကနေ့နေ့လယ်ကပဲ ချိတ်ပိတ်ခဲ့ပါတယ်။

တိုင်းသံဃာနယကအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ ကျောင်းတိုက်အတွင်းမှာ မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်ဖို့ အခုလိုဆောင်ရွက်တာဖြစ်တယ်လို့ မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော်ဦးဝိဇယကမိန့်ပါတယ်။

“တိုင်းသံဃာအဖွဲ့အစုံ ဆုံးဖြတ်ချက်နဲ့ အခုလိုလုပ်တာ၊ ဘယ်သူ့ကိုမှသာစေ၊နာစေ သဘောမဟုတ်ဘူး ၊ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်မှာစိုးလို့ အချိန်တစ်ခုထိပဲ ပိတ်တာ၊ ဒကာ၊ဒကာမတွေကိုလည်း ရှင်းပြထားတယ်”လို့ ဆရာတော်ဦးဝိဇယကမိန့်ပါတယ်။

အခုလက်ရှိ ကျောင်းတိုက်အတွင်းမှာ သံဃာ၃ပါးနဲ့ သီလရှင်၂ပါးသီတင်းသုံးနေထိုင်ပြီး အခုလိုချိတ်ပိတ်တဲ့အတွက် အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

ပန်းဆက်ရပ်ကွက်မှာ ဘုန်းကြီးကျောင်း ၈ ကျောင်းရှိတာကြောင့် လတ်တလော ကျောင်းကသံဃာတွေကို နေရာချထားဖို့စီစဉ်ထားတယ်လို့ ကျောင်းအကျိုးတော်ဆောင်တစ်ဦးကပြောပါတယ်။

“မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တာဝန်ပေးတယ်ပေါ့၊ ရပ်ကွက်တွေကကျောင်းတွေမှာခွဲထားဖို့ ဒီကျောင်းကရပ်ကွက်စကတည်းက ဆောက်ခဲ့တဲ့ကျောင်းဆိုတော့ အခုလိုချိတ်ပိတ်ခံရတာ စိတ်မကောင်းဘူး”လို့ ကျောင်းအကျိုးတော်ဆောင် ဦးဝဏ္ဏကပြောပါတယ်။

ဒီဇင်ဘာ၂၄ရက်နေ့က ပြည်မြို့မှာ သာသနာ့ဓမ္မဂုဏ်ရည်တံဆိပ်နဲ့ ကားတစ်စီး ဘီးပေါက်သွားခဲ့ပြီး လူတွေသွားကြည့်ရာ ကားထဲမှာ နိုင်ငံသားအထောက်အထားမဲ့သူ (၁၃)ဦးကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဘုန်းကြီးနဲ့ ယာဉ်မောင်းကတော့ ထွက်ပြေးသွားခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစုံစမ်းရာကနေ ပုသိမ်မြို့၊အမှတ်(၁၄)ရပ်ကွက်၊ သာသနာ့ဓမ္မာ့ဂုဏ်ရည်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်နဲ့ အမျိုးသားတစ်ဦး ဖြစိတယ်လို့သိရပြီး အခုချိန်ထိ ဖမ်းဆီးရမိတာမရှိသေးတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #လူကုန်ကူးဘုန်းကြီး #ဘုန်းကြီးကျောင်းချိတ်ပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW