အင်းတော် ကန်ပတ်လမ်းဖောက်လုပ်တဲ့လုပ်ငန်းခွင်မှာ သက်ဆိုင်ရာနဲ့ ဒေသခံတွေ အငြင်းပွားမှုဖြစ်ပွား

ဇန်နဝါရီ ၉ -၂၀၂၁
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရဲ့ အနောက်တောက်ဘက် အင်းတော်နဲ့ ဗန်းမောက်သွား ကားလမ်းဘေးက အင်းတော်အင်းကြီးကို ကန်ပတ်မြေသားလမ်း ဖောက်လုပ်နေတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ တောင်သူတွေအကြား မြေယာအငြင်းပွားမှုဖြစ်နေတာဟာ ဒီကနေနဲ့ဆို၂ ရက်ရှိသွားပြီဖြစ်ပါတယ်။

” အင်းဘေးဝန်းကျင် တောင်သူလုပ်ငန်းခွင်က ထွက်ရှိလာတဲ့ ဓာတုပိုးသတ်ဆေးကြွင်းတွေဟာ အင်းထဲကိုရောက်တာကြောင့် အင်းထဲက ရေသယံဇာတတွေ ပျက်စီးဆုံးရှုံးတယ်၊ အခုဖောက်လုပ်နေတဲ့ ကုန်သွယ်လမ်းဟာ တောင်သူလုပ်ငန်းခွင်မြေနဲ့ အင်းမြေ ခွဲခြားထားလိုက်တာဖြစ်တယ်၊ အခု လုပ်ငန်းခွင်ဆောင်ရွက်နေတာ မြေနုကျွန်းမြေ ၊ အင်းမြေဖြစ်တယ်”လို့ အင်းတော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းတန်က ပြောပါတယ်။

အဲ့ဒီ လမ်းဖောက်လုပ်တာဟာ အင်းတော် အင်းကြီးရဲ့ မြောက်ဘက်ကနေ ကန်ပတ်မြေသားလမ်း အရှည် ၂ မိုင်ကို စက်ယန္တရားတွေနဲ့ စတင်ဖောက်လုပ်တဲ့အခါ သက္ကယ်ကျင်းကျေးရွာက ဒေသခံတောင်သူတွေဟာ လယ်ယာမြေမှတ်ပုံတင် ပုံစံ – ၇ ရှိတဲ့မြေယာတွေပါဝင်နေလို့ နစ်နာတယ်ဆိုပြီး စည်းရိုးကာရံတာ၊ စက်ယန္တရားတွေရှေ့ ဟန့်တားကန့်ကွက်တာတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

အဲ့ဒီလို ပြုလုပ်တာတွေနဲ့ပတ်သက်လို့ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေက သက္ကယ်ကျင်းရွာက တောင်သူ ၅ ယောက်ကို ရဲစခန်းမှာ အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ်။

” သက္ကယ်ကျင်းရွာက ဒေါ်ယဉ်လေး ၊ ကိုအေးကို ၊ မသဲစု ၊ကို သန်းစိုးနဲ့ ဦးမောင်မိုး သူတို့ ၅ ဦးကို ကန်ပတ်လမ်း ဖောက်လုပ်နေတဲ့ လုပ်ငန်းခွင်ကို လုပ်ငန်း လုပ်မရအောင် ဟန်တားနှောက်ယှက်နေတဲ့အတွက် သက္ကယ်ကျင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က အမှုဖွင့်တိုင်တန်းတဲ့အတွက် အမှုဖွင့်ထားတယ် “လို့ အင်းတော်မြို့မရဲစခန်းက ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

အဲ့ဒီအမှုကိုတော့ ရဲစခန်းက (ပ)၂/၂၀၂၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၄၁/၃၄၃ အရ အမှုဖွင့်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် အမှုဖွင့်ခံထားရတဲ့ သက္ကယ်ကျင်းကျေးရွာက တောင်သူ ၅ ယောက်နဲ့ သူတို့ကို ဝန်းရံကူညီပေးသူကို သီးခြားအတည်ပြုချက်ရရှိဖို့ VOM က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

အင်းတော်မြို့က အင်းတော်ကန်ကြီးဟာ မြန်မာနိုင်ငံမှာ တတိယအကြီးဆုံး ကန်ကြီးတစ်ကန်ဖြစ်ပြီး နှစ်ပေါင်းများစွာ တိမ်ကောလာနေတာကြောင့် ပြုပြင်ထိန်သိမ်းနေတာနဲ့ ဒေသဖွံဖြိုးရေးလုပ်ငန်းစဉ်တွေကို လုပ်ကိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အင်းတော် #အင်းကြီး #ဒေသခံ #သက်ဆိုင်ရာ #မြေယာအငြင်းပွားမှု

Related posts

Leave a Comment

VOM News

FREE
VIEW