ကရင်ပြည်နယ်မှာ ရွေးကောက်ပွဲကုန်ကျစရိတ်မတင်တဲ့ ကိုယ်စားလှယ်လောင်း တစ်ဦးသာရှိ

ဇန်နဝါရီ ၁၁-၂၀၂၁
ခွန်းခမ်းသူ(VOM)

ကရင်ပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲကာလ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်း ၁ ဦးရှိတာကြောင့် အမည်ပျက်စာရင်းထုတ်ပြန်သွားမယ်လို့ မနေ့ဇန်နဝါရီ ၁၀ ရက်နေ့က ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ပြောပါတယ်။

” ရွေးကောက်ပွဲနည်းဥပဒေ(၇၇) အရ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းဖို့ပျက်ကွက်ခဲ့တဲ့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက ဗမတိုင်းရင်းသားလူမျိုးရေးရာနေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားပြီးဖြစ်တယ်”လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမောင်မောင်နိုင်ကပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်း ဝင်ရောက်ယဉ်ပြိုင်ခဲ့တဲ့ ပါတီ ၁၅ ပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း အပါအဝင် ၁၉၉ ဦး ရှိပြီး ကိုယ်စားလှယ်လောင်း ၁ ဦးသာ ကုန်ကျစရိတ်တင်သွင်းဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ပါတီအနေနဲ့ကတော့ ပွင့်ပွင့်လင်းလင်းပြောရင် ဥပဒေအတိုင်းဖြစ်သင့်ပါတယ်။ သူနဲ့ဆက်သွယ်လို့မရတာ။ သူဖုန်းပိတ်ထားတယ်။ မြဝတီမှာလို့ ပြောတယ်။ သူကြောင့် ပါတီပုံရိပ်တော့ ထိခိုက်တယ်”လို့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဥက္ကဌ ဦးစောမောင်ကြီးကပြောပါတယ်။

ကရင်ပြည်နယ်အတွင်း ၂၀၂၀ရွေးကောက်ပွဲမှာ ပါတီ ၁၅ ခုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကရင် #ရွေးကောက်ပွဲကုန်ကျစရိတ် #အမည်ပျက်စာရင်း

Related posts

Leave a Comment

VOM News

FREE
VIEW