ရွှေတွင်းကျေးရွာက NLD ဒု-ဥက္ကဋ္ဌကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွား

ဇန်နဝါရီ ၁၄ -၂၀၂၁
Voice Of Myanmar

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်နဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အကြား ဟုမ္မလင်းမြို့နယ် ၊ ရွှေတွင်းကျေးရွာအုပ်စု၊ ရွှေတွင်းကျေးရွာမှာ မနေ့ ဇန်နဝါရီ ၁၃ ရက်ည ၇ နာရီ အချိန်က NLDပါတီ ဒု-ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသူ အမျိုးသားတစ်ဦးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွှေတွင်းရွာ NLD ပါတီ အဝန်းအဝိုင်ဆီက သိရပါတယ်။

” ရွှေတွင်းရွာက ပါတီ ဒု-ဥက္ကဋ္ဌ ကိုကုလား(ခ)ကိုလွင်မောင်းထွေးရဲ့ အိမ်ကို အမည်မသိ ဆိုင်ကယ် ၂ စီးနဲ့ လက်နက်ကိုင် လူ ၄ ယောက်က လာရောက်ပြီး ဖမ်းသွားတာဖြစ်တယ်”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေတွင်းရွာဒေသခံတစ်ဦးက VOMကို ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ ကိုကုလား(ခ) ကိုလွင်မောင်ထွေးဟာ မနေ့ညက မိသားစုနဲ့ နေအိမ်မှာ အတူရှိနေချိန် လက်နက်ကိုင် အမျိုးသား ၄ ယောက်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

” မနေ့ညနေပိုင်း နေဝင်ပြီးအချိန်လောက်မှာ ရှမ်းနီအဖွဲ့ SNA က ဗိုလ်ကြီး စိုင်းပံ(ဗိုလ်ကြီး စိုင်းတောင်ပံ)တို့အဖွဲ့လူ ၄ ယောက် ၊ ဆိုင်ကယ် ၂ စီးနဲ့ ရွာဘက်ကို မောင်းဝင်သွားတာ တောပြန်လာရင်း မြင်လိုက်တယ် ၊ ဒီမနက်ကျတော့ ညက အဖွဲ့ချုပ်ပါတီ ရပ်ကျေးစည်းရုံးရေးမှူး ဒု-ဥက္ကဋ္ဌလုပ်နေတဲ့ ကုလား (ခ) ကိုထွေး အဖမ်းခံရတယ်လို့ ရွာထဲမှာ ပြောသံကြားရတယ်”လို့ ရွှေတွင်းရွာခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ကြားရှိ ကျေးရွာတွေက ရွာသားတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြန်ပြေးဆွဲတာ၊ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကိစ္စတွေဟာ ဒီတကြိမ်ထဲ ဖြစ်ပွားခဲ့တာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်ကလည်း ဆယ်ဇင်းကျေးရွာက ရွာအုပ်ချုပ်ရေးမှူး ဦးလင်းခိုင်ဖြိုး အပါအဝင် လူ ၅ ဦးကို ဖမ်းဆီးသွားပြီးနောက် အချိန်ပိုင်းအကြာမှာ ရပ်မိရပ်ဖယောက်ကို ပြန်လွတ်ပေးခဲ့ပေမယ့် ရွာအုပ်ချုပ်ရေး အဖွဲ့ ၃ ယောက်ကိုတော့ ၁၁ ရက်ကြာ ဖမ်းဆီးထားပြီး ဇန်နဝါရီ ၆ ရက် ညပိုင်းမှာ ပြန်လည်လွှတ်ပေးလိုက်တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ညပိုင်းကလည်း ဟုမ္မလင်းမြို့နယ်၊ မာလုံကျေးရွာထဲကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့က အနက်ရောင် ကား ၁ စီးနဲ့ ဝင်ရောက်လာပြီး မာလုံရွာသား ဦးစောခကို လက်နောက်ပြန်ချုပ်နှောင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ဒီကနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ ဖမ်းဆီးခံရသူရဲ့ မိသားစုပြောပြချက်အရ သိရပါတယ်။

အဲ့ဒီ အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းအတည်ပြုချက်ရရှိဖို့ SNA ပြန်ကြားရေးအဖွဲ့ကို VOM က ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

Photo – SNA
#voiceofmyanmar #VOM #ဟုမ္မလင်း #NLDဒုဥက္ကဋ္ဌ #လက်နက်ကိုင်ဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW