စပိုင်ဝဲအန္တရာယ်နဲ့သတင်းထောက်

ဇန်နဝါရီ-၁၅-၂၀၂၁

တင်ထားဆွေ

 

သတင်းထောက်များဘေးကင်းလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အွန်လိုင်းဆွေး‌နွေးပွဲတစ်ခု ကို ဒီအပတ်ထဲမှာ တက်ဖြစ်ပါတယ်။ Channel 4 News, Thomson Reuters, New York Times က ဝါရင့်သတင်းထောက်တွေနဲ့ NGO တွေ သတင်းထောက်တွေကို လုံခြုံရေးနဲ့ ပတ်သက်ပြီး အကြံပေးနေတဲ့ Risk Pal ကအရာရှိတွေ ပါဝင်ဆွေးနွေးတဲ့ပွဲ ဖြစ်တဲ့ အတွက် အလွန်ဗဟုသုတရပါတယ်။

သတင်းထောက်တွေ ဘေးကင်းလုံခြုံရေးလို့ပြောရင် ရုတ်တရက်တော့ ကိုယ်ထိလက်ရောက် (ရုပ်ခန္ဓာပိုင်းလုံခြုံရေး) တိုက်ခိုက်ခံရမယ့် အန္တရာယ်က ကာကွယ်ဖို့ကိုသာ စဥ်းစားလေ့ရှိပါတယ်။ အန္တရာယ်ရှိနိုင်တဲ့ နေရာဆီ သတင်းထောက်တွေကို လွှတ်မယ်ဆိုရင် ဘီဘီစီလို သတင်းဌာနကြီးတွေမှာ Risk Assessment အရင်လုပ်ရပါတယ်။ Risk Assessment (RA) ကတော့ ခပ်တိုတို ပြောရမယ်ဆိုရင် အန္တရာယ်နဲ့ ကြုံလာရင် သတင်းထောက်ဖက်က ဘာတွေကြိုပြင်ထားဖို့လိုသလဲဆိုတာကို သတိလည်းပေး အသိလည်းပေးတဲ့ စံနစ်ပါ။ ယုတ်စွအဆုံး မတော်တဆ သွားရင်းလာရင်းခွေးကိုက်ခံရရင် ဘာလုပ်မလဲက အစ RA ဖောင်မှာဖြည့်ရပါတယ်။

ဘေးကင်းလုံခြုံရေးအကြောင်းပြောကြမယ်ဆိုတော့ ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ သတင်းထောက်တွေ ကပ်ကြီးဘေးက လွတ်အောင် မိခင်ဌာနက ဘာတွေလုပ်ပေးထားသလဲဆိုတဲ့မေးခွန်းနဲ့ ဆွေးနွေးပွဲ ကိုစပါတယ်။  သတင်းထောက်ဆိုတာ သတင်းဖြစ်တဲ့နေရာမှာ ရှိဖို့လိုသလို သူများထက်လည်း သတင်းဦးဖို့လိုတော့ သတင်းသွားယူတဲ့အခါမှာ ကိုဗစ်‌ရောဂါ မကူးအောင် အကာအကွယ် ပေးဖို့ အလုပ်ရှင်မှာတာဝန်ရှိပါတယ်။ ရိုက်တာသတင်းဌာနက မာ့စ် နဲ့ အကာအကွယ်ပစ္စည်းတွေ စံနစ်တကျ ဝတ်ဆင်နည်း နှစ်ရက်သင်တန်းကို သတင်းထောက်တွေအတွက် စီစဥ်ပေးပြီး နှာခေါင်းစည်း မာ့စ် ၂၀၀၀ အရံသင့်ဆောင်ထားပါတယ်။ သတင်းထောက်တွေကို ကွင်းထဲမလွှတ်ခင် အခြေအနေကို အသေအချာအကဲဖြတ်ပြီးမှ လွှတ်တယ်လို့ ဆိုပါတယ်။ အရံသင့်ရှိတဲ့ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေက အချိန်ပြည့် သတင်းထောက်တွေအတွက်သာမဟုတ်ပဲ ရိုက်တာသတင်းဌာန အတွက်အလုပ်လုပ်ပေးနေတဲ့ အလွတ်သတင်းထောက်တွေ အတွက်လည်း ပါတယ်လို့ဆိုပါတယ်။ ရိုက်တာက အချိန်ပြည့်နဲ့ အလွတ်သတင်းထောက်တွေကို တန်းတူအခွင့်အရေး ပေးထားတယ် ဆိုတာသိရလို့ ကျေနပ်မိပါတယ်။ ကျန်တဲ့သတင်းဌာနတွေကတော့ သူတို့ဘယ်လို ပြင်ဆင်ထားသလဲ ဆိုတာ မပြောပြလို့ မသိရပါဘူး။

ဘီဘီစီ မှာ High Risk Team အုပ်ချုပ်ရေးမှူးလုပ်ခဲ့တဲ့ အခု Risk Pal က ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Colin Pereira ကော်လင်ပရယ်ရား က အမေရိကန်နိုင်ငံလို လက်ယာစွန်းရောက်တွေ သွေးဆူနေတဲ့နိုင်ငံတွေမှာ သတင်းထောက်တွေက ပစ်မှတ်ဖြစ်လာပြီး စုံစမ်းဖော်ထုတ်တဲ့ သတင်းထောက်ဆိုရင် အန္တရာယ်ပိုရှိတယ်လို့ဆိုပါတယ်။  အမေရိကန်နိုင်ငံမှာ သတင်းထောက်တွေကို အသက်အန္တရာယ် ခြိမ်းခြောက်တဲ့အထိ ရန်မူလာလို့ တချို့ကို လုံခြုံတဲ့နေရာဆီ ပြောင်းရွှေ့ပေးရပါတယ်။ ဗြိတိန်မှာလည်း လူဖြူကြီးစိုးရေး လက်ယာစွန်းဝါဒီ Tommy Robinson နဲ့ သူ့ဘက်တော်သားတွေက ညအချိန်မတော် နဲ့ မနက်ဝေလီဝေလင်းအချိန်တွေမှာ သူတို့အဖွဲ့အကြောင်း စုံစမ်းဖော်ထုတ်တဲ့ သတင်းထောက်တွေအိမ် တံခါးခေါက် ပြီးခြိမ်းခြောက်တာတွေ လုပ်လာလို့ ရဲကလုံခြုံရေးယူပေးရပါတယ်။

 

ဒါတွေကတော့ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်တဲ့ အမှုတွေပါ။

ကိုယ်ထိလက်ရောက်မဟုတ်ပဲ ဆိုင်ဘာကနေ တိုက်ခိုက်ခံရတာဟာလည်း သတင်းထောက်တွေအတွက် အန္တရာယ်ကြီးပါတယ်။ အခုဆိုရင် Spyware, Malware ဆော့ဖ်ဝဲ တွေအသုံးပြုပြီး သတင်းထောက်တွေ နဲ့ သတင်းဌာနတွေရဲ့ သတင်းအချက်အလက်တွေ ခိုးယူတာမျိုးတွေ ပိုတွေ့လာရပါတယ်။ သတင်းထောက်အတော်များများက အလုပ်လပ်တော့နဲ့ ကိုယ်ပိုင်သုံးလပ်တော့ ခွဲထားလေ့မရှိပဲ ကိုယ်ပိုင်အတွက်ရော အလုပ်အတွက်ပါ လပ်တော့တစ်လုံးထဲထားသုံးလေ့ရှိတော့ လပ်တော့ ဟက် လုပ်ခံရပြီဆိုရင် ကွန်ပြူတာထဲက ကိုယ် ရဲ့ အဆက်အသွယ်တွေ၊ မိသားစုဓါတ်ပုံတွေ ကိုယ်ရေးကိုယ်တာအချက်အလက်တွေအားလုံး ဟက်ကာတွေ လက်ထဲရောက်နိုင်ပါတယ်။

အဆိုးဆုံးကတော့ စပိုင်ဝဲ ပါ။

၂၀၂၀ နှစ်လယ်ပိုင်းမှာ Al Jezeera သတင်းဌာန က သတင်းထောက် ပရိုဂျူစာ ရုပ်သံတင်ဆက်သူ အုပ်ချုပ်ရေးအရာရှိ စုစုပေါင်း ၃၆ ဦးရဲ့ မိုဘိုင်းဖုန်းတွေ ဟက် လုပ်ခံရပါတယ်။ အစ္စရေးဆိုင်ဘာ-အင်တယ်လီဂျင့်ကုမ္ပဏီ NSO ကတီထွင်တဲ့ Pegasus Spyware ကိုအသုံးပြုပြီး ဆော်ဒီအာရေဗျ နဲ့ ယူအေအီး အစိုးရတွေက လုပ်တာလို့ Toronto တက္ကသိုလ် Citizen Lab သုတေသနဌာနကဆိုပါတယ်။ ဟက်လုပ်ခံရတဲ့ သတင်းထောက်တချို့ ငွေညှစ်ခြိမ်းခြောက်တာလည်း ခံရပါတယ်။

Pegasus spyware က အင်ဒရိုက်ရော အက်ပယ်ရော ဖုန်းနှစ်မျိုးစလုံးကို ဟက်လုပ်နိုင်တယ်လို့ဆိုပါတယ်။

သြဂုတ် ၂၃ ရက် ၂၀၂၀ ရက်စွဲ နဲ့ ထုတ်တဲ့ အစ္စရေး သတင်းစာ Haaretz မှာ NSO ကုမ္ပဏီက ပီဂတ်ဆပ်စ် စပိုင်ဝဲ ဆော့ဖ်ဝဲ ကို ယူအေအီး နဲ့ ပင်လယ်ကွေ့ နိုင်ငံတွေကို ‌ဒေါ်လာသန်းပေါင်းများစွာနဲ့ရောင်းထားတယ်လို့ စွပ်စွဲပါတယ်။ အစိုးရဆန့်ကျင်လှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ ပြိုင်ဘက်နိုင်ငံတွေက နိုင်ငံ ခေါင်းဆောင်တွေ ကိုစောင့်ကြည့်ဖို့ ဝယ်တာလို့ ယူဆရပါတယ်။

အွန်လိုင်းကနေ(ဆိုရှယ်မီဒီယာကနေ) ခြိမ်းခြောက်နှောက်ယှက်တာတွေကို သတင်းထောက်တွေ နေ့စဥ်လို ကြုံတွေ့နေရပါတယ်။ မျက်ကန်းမျိုးချစ်တွေ လက်ယာစွန်းရောက်တွေက သတင်းထောက်တွေကို အွန်လိုင်းကနေတိုက်ခိုက်နေတာကြောင့် သတင်းသမားတွေက သတင်းတင်တဲ့အခါမှာ သတိထားပြီးတင်တာ ဒါမှမဟုတ်ရင် လုံးဝဆင်ဆာလုပ်ပြီး မတင်ပဲနေတာတွေကို အခုနောက်ပိုင်းမှာပိုတွေ့လာရပါတယ်။  အမေရိကန် မှာ သမ္မတထရမ့်က သူသမ္မတဖြစ်လာပြီး မကြာမီမှာ သတင်းထောက်တွေဟာ သတင်းတွေကိုလုပ်ကြံရေးသားသူတွေ၊ နိုင်ငံရဲ့ ရန်သူတွေလို့ စွပ်စွဲပါတယ်။ ဒီစကားကို သမ္မတက ကြုံတိုင်းပြောလာတော့ သမ္မတကို ထောက်ခံသူတွေက သတင်းထောက်တွေကို သူတို့ရဲ့ ရန်သူလို့မြင်လာတာ မဆန်းလှပါဘူး။ မြန်မာပြည်မှာလည်း ဒီချုပ်ကိုဝေဖန်တဲ့သတင်းတင်တဲ့ သတင်းထောက်ဆိုရင် အွန်လိုင်းကနေ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တာခံရပါတယ်။ ဒါ့အပြင် သတင်းလွတ်လပ်မှုကို ချည်နှောင်ထားတဲ့ဥပဒေတွေနဲ့မငြိအောင် သတင်းထောက်တွေက သတိထားရပါတယ်။

ဒီတော့ကာ သတင်းထောက်ရဲ့ လုံခြုံရေးကို စဥ်းစားတဲ့အခါမှာ ကျည်ကာအင်္ကျီ၊ သံခမောက်အစရှိတဲ့ ပီပီအီး အကာအကွယ်ပစ္စည်းတွေအပြင် ဆိုင်ဘာတိုက်ခိုက်မှုဘေးက ဘယ်လိုကာကွယ်မလဲဆိုတာကို စဥ်းစားဖို့လိုပါတယ်။  Pegasus စပိုင်ဝဲက Text Message တွေဖတ်နိုင်သလို ဖုန်းခေါ်ထားတဲ့နံပါတ်တွေကို ခြေရာကောက်နိုင်တဲ့အပြင် password စကားဝှက်တွေရှာနိုင်ပြီး မိုဘိုင်းဖုန်းပေါ်က မိုက်ကရိုဖုန်း နဲ့ ဗီဒီယိုကင်မရာထဲလည်း ဝင်နားထောင် ဝင်ကြည့်နိုင်တဲ့အပြင် apps တွေကနေ သတင်းအချက်အလက် ယူနိုင်တဲ့အထိ အစွမ်းထက်ပါတယ်။

သတင်းထောက်တွေက သူတို့ကြုံလာရမယ့် အန္တရာယ်တွေအကြောင်းသိမှသာ ကြိုတင်ကာကွယ် နိုင်မှာဆိုတော့ သတင်းပညာ( Journalism ) သင်နေတဲ့ ကျောင်းသားတွေကို သတင်းသမားဘေးကင်းလုံခြုံရေး နဲ့ပတ်သက်ပြီး ဂဃနဏသိအောင် သင်ကြားပေးဖို့လိုတယ်လို့ ဆွေး‌နွေးပွဲမှာ အကြံပေးပါတယ်။   ကျောင်းသားတွေအနေနဲ့ သတင်းသမားအလုပ်နဲ့ တစ်ပါတည်းပါလာမယ့် အန္တရာယ်တွေကို သိထားမယ်ဆိုရင် သတင်းသမား အလုပ်ကိုလုပ်ဖို့ အဆင်သင့်ဖြစ်ရဲ့လားဆိုတာကို ချင့်ချိန်နိုင်မှာြဖစ်ပါတယ်။

 

တင်ထားဆွေ

( ဒေါ်တင်ထားဆွေဟာ အငြိမ်းစား ဘီဘီစီ မြန်မာဌာန ဌာနမှူးဖြစ်ပါတယ်)

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW