မြန်မာလုပ်သားတွေကို ခွဲခြားဆက်ဆံလို့ ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းအစိုးရဝက်ဘ်ဆိုက်တွေကို မြန်မာဟက်ကာတွေ တိုက်ခိုက်

ဇန်နဝါရီ-၁၇-၂၀၂၁
ဆွေလင်းထွန်း(VOM)

ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းကျန်းမာရေးစောက်ရှောက်မူ ပြုပေးတဲ့ဆေးရုံးဆေးခန်းတွေက ခွဲခြားဆက်ဆံမှုတွေနဲ့ ဆူရတ်ဌာနီပြည်နယ်ရဲစခန်းမှာ အချုပ်ကျနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအမျိုးသမီးကို ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက အဓမ္မပြုကျင့်မှုတို့အပေါ် ဆန့်ကျင်တဲ့ အနေနဲ့ မြန်မာဟက်ကာအဖွဲ့နှစ်ဖွဲ့က ထိုင်းအစိုးရ၊ ရဲတပ်ဖွဲ့တို့ရဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ဆေးရုံတချို့ရဲ့ ဝက်ဘ်ဆိုက်တွေကို ဆိုက်ဘာတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာဟက်ကာအဖွဲ့နှစ်ခုဖြစ်တဲ့ Black Brothers Hackers Group BBHG နဲ့ Union of UnderGround Myanmar တို့က အဲ့ဒီတိုက်ခိုက်မှုတွေကို လုပ်ခဲ့တာဖြစ်တယ်လို့ ဟက်ကာအဖွဲ့တွေရဲ့ ဖေ့ဘုတ်ပေ့ချ်တွေမှာ ဖော်ပြထားမှုအရ သိရပါတယ်။

Black Brothers Hackers Group BBHG က တာဝန်ရှိသူတဦးက “ကျတော်တို့နိုင်ငံသားတွေအပေါ်ခွဲခြားဆက်ဆံပြီး ဥပဒေမဲ့ လုပ်ရပ်တွေအပေါ်ကျတော်တို့ မြန်မာဟက်ကာများအနေနဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုတာကို ထိုင်းအစိုးရကိုသတင်းစကားပါးလိုတာကြောင့် ထိုင်းနိုင်ငံရဲ အစိုးရပိုင် ကျန်းမာရေးWebsiteတွေနဲ့ ရဲတပ်ဖွဲ့websiteအပါအဝင် အခြားအစိုးရဌာနပိုင် websiteတွေကို တိုက်ခိုက်ပြီး သတင်းစကားပါးရခြင်းပါ” လို့ ဆိုက်ဘာတိုက်ခိုက်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး VOM ကို ပြောပါတယ်။

BBHG အနေနဲ့ လက်ရှိအချိန်ထိ ထိုင်းဝက်ဘ်ဆိုက်ပေါင်း ၂၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး အချက်အလက်တွေကို ရယူခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

BBHG က တိုက်ခိုက်ခဲ့တဲ့ ဝက်ဘ်ဆိုက်တွေကို ဝင်ကြည့်ရာမှာ ကြည့်ရှုလို့မရတော့ဘဲ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ခွဲခြားဆက်ဆံတာတွေနဲ့ ထိုင်းရဲတွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ BBHG က ဝက်ဘ်ဆိုက်ကို သိမ်းယူလိုက်တယ်ဆိုတဲ့ စာသားကိုသာ တွေ့ရပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ထိုင်းမှာ ကိုဗစ်တကျော့ပြန်ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ပြစ်တင်တာတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါကို အကြောင်းပြပြီး ထိုင်းလူမျိုးအချို့ရဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့ပြီး ဆူရတ်ဌာနီပြည်နယ် ရဲစခန်းမှာ အချုပ်ကျနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးကို ထိုင်းရဲက အဓမ္မပြုကျင့်ခဲ့မှုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြန်မာဟက်ကာ #ထိုင်းဝဘ်ဆိုက်

Related posts

Leave a Comment

VOM News

FREE
VIEW