အင်ဒိုနီးရှား မြေငလျင်ကြောင့် သေဆုံးသူ ၄၀ ကျော်ထိရှိလာ

ဂျကာတာ၊ ဇန်နဝါရီ ၁၇-၂၀၂၁
မျိုးဆက် (VOM)

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ အင်အားပြင်; မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူ ၄၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိမြေငလျင်ဟာ အစောပိုင်းက အသေးစားငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် နာရီအနည်းငယ်အကြာ ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မြေငလျင်ဟာ မက်ဂျီးမြို့ အရှေ့မြောက်ဘက် ခြောက်ကီလိုမီတာအကွာ၊ အနက် ၁၀ ကီလိုမီတာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ငလျင်ကြောင့် လူရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ငလျင်ကြောင့် ငါးထပ်ဆေးရုံတစ်ရုံပြိုကျမှုဖြစ်ပွားခဲ့ပြီး လူရှစ်ဦးသေဆုံးခဲ့ကာ လူ ၆၀ ကိုတော့ ကယ်တင်နိုင်ခဲ့ပါတယ်။

ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပေမယ့် သေဆုံးသူတိုးလာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ လျှပ်စစ်ဓါတ်အားပြတ်တောက်တာတွေနဲ့ မိုဘိုင်းဖုန်းတွေ ဆက်သွယ်ရေးမကောင်းတာကြောင့် နှောင့်နှေးနေရပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သူတွေအတွက် သမ္မတဝီဒိုဒိုက ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပြီး ပြည်သူတွေစိတ်အေးအေးထားကြရန်နဲ့ ရှာဖွေကယ်ဆယ်ရေးတွေ အရှိန်မြှင့်ဖို့ အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

၂၀၁၈ ခုနှစ်ကလည်း ဆူလာဝေစီကျွန်းမှာ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ ၂၀၀၀ ကျော်သေဆုံးခဲ့ဖူးပါတယ်။

Ref: BBC
Photo: AFP
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW