စစ်ရှောင်တွေ ပြန်နေရာချဖို့ လိုအပ်ချက်တွေရှိနေ

ဇန်နဝါရီ ၁၉ -၂၀၂၁
ခွန်ခမ့်သူ(VOM)

စစ်ဘေးရှောင်စခန်းတွေ ပြန်လည်နေရာချထားရေးလုပ်ငန်းထဲက နေအိမ်တွေပြန်တည်ဆောက်လုပ်ဖို့ မြေနေရာပြုပြင်ရာမှာ စက်ယန္တရားလိုအပ်ချက်တွေရှိနေတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနကနေ သိရပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့က လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသမှာ ယာယီဖွင့်ထားတဲ့ စစ်ဘေးရှောင်စခန်းကို ပြန်လည်ပိတ်သိမ်းသွားမှာဖြစ်တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်စားသောက်ရေး နဲ့ နေအိမ်တွေပြန်လည်တည်ဆောက်ရေး အဆင်ပြေစေဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ စက်ယန္တရားတွေနဲ့ မြေရိုင်းရှင်းလင်းရေးပဲ ရှိပါသေးတယ်။ ဒီနှစ်ထဲမှာ ပြီးနိုင်ဖို့က စက်ယန္တရားတွေရဲ့ အင်အားလိုတာပေါ့။ စက်ယန္တရားကိုင်တွယ်တဲ့လူတွေ Social Distancing ကလည်း ရှိတယ်။ ကျန်းမာရေးညွန်ကြားချက်နဲ့အညီ လုပ်ရတယ်ဆိုတော့ လုပ်ငန်းပြီးစီးဖို့ မှန်းလို့မရသေးဘူး”လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းထွဋ်ကပြောပါတယ်။

မြေနေရာဖော်ထုတ်ရာမှာ မြိုင်ကြီးငူဆရာတော်ရဲ့ စက်ယန္တရားတစ်စီးတည်းနဲ့ လုပ်ဆောင်နေရတဲ့အတွက် စက်ယန္တရားပျက်ပြီး အလုပ်မဖြစ်နေတယ်လို့ သိရပါတယ်။

“လောလောဆယ် အစိုးရဆီကပဲ ထောက်ပံ့ပေးသေးတယ်။ လက်တလောအခက်အခဲက ကားပျက်တဲ့အချိန်မှာ ဘာမှလဲလုပ်မရတော့ဘူး။ ကားကတော့ပျက်နေပြီး လူကြီးကတော့ ဘယ်လိုစီမံပေးမလဲ မသိဘူး”လို့ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်း(တာဝန်ခံ) ဦးထွန်းကပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ လက်ရှိနေထိုင်တဲ့ နေအိမ်တွေဟာ ပျက်စီးယိုယွင်းနေပြီဖြစ်သလို မိုးတွင်းကာလမှာ လုံခြုံမှုမရှိတော့တဲ့အတွက် မြေကွက်ဖော်ထုတ်ပြီး အမြန်ဆုံးနည်းနဲ့ အိမ်တွေကိုဆောက်လုပ်ပေးဖို့ တောင်းဆိုနေတယ်လို့ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းမှ ဒေါ်မူမူကပြောပါတယ်။

“စစ်ရှောင်ပြည်သူတွေအတွက် အိမ်မြန်မြန်လေး ပြီးစေချင်တယ်။ သူတို့က စခန်းပိတ်သိမ်းရေးလုပ်မယ်ဆို အမြန်ဆုံးပြန်ပြောင်းချင်တယ်။ ဘာဖြစ်လို့လည်းဆို ဒီမိုးတွင်းကျမှ ပြန်ပြောင်းလာမယ်ဆို သူတို့ လက်ရှိနေတဲ့နေရာမှာ အခက်အခဲရှိတယ်”လို့ ဒေါ်မူမူကပြောပါတယ်။

ပြန်လည်နေရာချထားရာမှာ မြေရိုင်း‌ ၁၁ ဧကပေါ်မှာ ပေ ၄၀၊ ပေ ၆၀ မြေကွက်ပေါင်း ၁၀၀ ကျော်ကိုဖော်ထုတ်ကာ အိမ်ထောင်စု ၁၀၀ ကျော်အတွက် နေအိမ်တွေ ဆောက်လုပ်ပေးသွားမှာဖြစ်ပြီး ရရှိမယ်ဘက်ဂျက်ပေါ်မူတည်တာကြောင့် အိမ်တန်ဖိုးကို တိတိကျကျ မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။

၂၀၁၆ ခုနှစ်က ဒီကေဘီအေခွဲထွက်အဖွဲ့နဲ့ တပ်မတော်အကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂၈ ရွာက အိမ်ထောင်စုဝင်ပေါင်း ၇၀၀ ကျော်၊ လူဦးရေ ၅၀၀၀ ကျော်အတွက် ယာယီအိမ် ၅၀၀ ခန့်ဆောက်လုပ်ပြီး စစ်ဘေးရှောင်စခန်းမှာ ခိုလုံနေရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကရင် #စစ်ရှောင် #ပြန်လည်နေရာချထားရေး #လိုအပ်ချက်တွေရှိ

Related posts

Leave a Comment

VOM News

FREE
VIEW