ပထမဆုံးအကြိမ် ရခိုင်ပြည်နယ်ရဲ့အခြေအနေကို ကျောင်းသားတွေက ရှင်းလင်းမှုပြုလုပ်

ဇန်နဝါရီ ၁၉ -၂၀၂၁
ထက်အောင်စိုင်း (VOM)

ကျောင်းသားတွေအပါအဝင် မြန်မာနိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကိစ္စ၊ လက်ရှိရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေအပေါ် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(ရကသ)ရဲ့ သဘောထားနဲ့ ဆက်စပ်ပြီး ပထမဆုံးအကြိမ်အဖြစ် စစ်တွေမြို့ ကျောင်းသားသမဂ္ဂရုံးမှာ မနေ့ ဇန်နဝါရီ ၁၈ရက်နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးက ကျောင်းသားတွေ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရပြီး တရားစွဲခံရပေမယ့် ရုံးချိန်းတွေခေါ်တာမရှိဘဲ အချိန်ကြာကြာ ရုံးချိန်နေ့ရက်တွေရွှေ့ဆိုင်းနေတာဟာ မဖြစ်သင့်ကြောင်း နဲ့ ဖမ်းဆီးခံကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (စစ်တွေတက္ကသိုလ်)ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောပါတယ်။

” ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ရေးပဋိပက္ခတွေကြောင့် လက်နက်ကြီးကျပြီး သေဆုံးသွားတဲ့ ပညာရေးဝန်ထမ်းအပြင် အပြစ်မဲ့အရပ်သားပြည်သူတွေကို အစိုးရအနေနဲ့ ပြည်သူတွေကို အပြည့်အဝကူညီပေးမှု အားနည်းလို့ ဝေဖန်ထောက်ပြပါတယ်”လို့ ကိုတိုးတိုးအောင်က ပြောပါတယ်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုကျော်ငြိမ်ထွန်းကလည်း ” ရခိုင်ပြည်နယ်အတွင်း တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခံထားရ တာဟာ လူ့အခွင့်ရေးချိုးဖောက်ခံရမှုဖြစ်ပြီး အင်တာနက် ပြန်လည်ဖွင့်လှစ်ပေးတဲ့မြို့နယ်တွေမှာလည်း 2G အဆင့်သာရရှိပြီး အင်တာနက်လိုင်းမကောင်းတာကြောင့် အသုံးပြုရတာ အဆင်ပြေမှုမရှိဘူး၊ 4G အဆင့်ရှိတဲ့ အင်တာနက်တွေကို အမြန်ဆုံးပြန်လည်ဖွင့်ပေးဖို့ တိုက်တွန်းပါတယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုဦးဆောင်တဲ့ အစိုးရအနေနဲ့ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေအပေါ် ထိရောက်တဲ့ ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဘဏ္ဍာရေးမှူး ကိုခိုင်စိုလင်းက ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ အောက်တိုဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ပြီး စစ်တွေမြို့မှာ အစိုးရနဲ့ တပ်မတော်ဆန့်ကျင်းရေးဆန္ဒပြခဲ့ကြကာ အဲ့ဒီဆန္ဒပြပွဲမှာ ကျောင်းသား (၄) ဦးဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးတရားစွဲဆိုခံရတဲ့ ဆန္ဒပြကျောင်းသားတွေကတော့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက တွဲဘက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနဲ့ ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားသမဂ္ဂက ကိုကောင်းထွန်းတို့ပဲ ဖြစ်ပါတယ်။

သူတို့ (၄) ဦးကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး ဇော်နိုင်က စစ်တွေမြို့နယ်တရားရုံးမှာ တရားစွဲတင်ခဲ့ပြီး လက်ရှိအချိန်ထိ အမှုကို တရားရုံးမှာ မစစ်ဆေးရသေးဘဲ စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာလည်း ပြီးခဲ့တဲ့ ၂၀၂၀ စက်တင်ဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အယုံအကြည်မရှိကြောင်း အပါအဝင် အချက်၅ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ တိုးတိုးအောင် ပြန်ကြားရေးတာဝန်ခံ ကျော်နိုင်ဌေးနဲ့ ဦးသန်းနိုင်တို့က 4G အင်တာနက်ပြန်ဖွင့်ပေးရေး၊ No Bloody Government ၊ No Murder Army၊ ပြည်နယ်အစိုးရအား အယုံအကြည့်မရှိနဲ့ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ စတဲ့အချက်တွေနဲ့လည်း ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီလို ဆန္ဒပြကျောင်းသားတွေကို မိနစ်ပိုင်းအကြာမှာပဲ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီး စက်တင်ဘာလ ၂၂ ရက်နေ့မှာ ငြိမ်းစုစီပုဒ်မ-(၁၉) နဲ့ တရားစွဲဆိုခံရပြီး အာမခံနဲ့ လွှတ်လာတာဟာ လက်ရှိအချိန်ထိ အမှုရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #ကျောင်းသား #ရခိုင်ပြည်အရေး #ရှင်းလင်းပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW