ကျောက်ကြီးမြို့ခံနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်

ဇန်နဝါရီ ၂၀ -၂၀၂၁
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း‌ နဲ့ ကရင်ပြည်နယ်နယ်စပ်၊ ဖာပွန်ခရိုင်၊ ဘောစဲခိုစခန်းက ‌ဈေးရောင်းပြန်လာတဲ့ ကျောက်ကြီးမြို့ခံနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဈေးရောင်းချထားတဲ့ ငွေကြေးတွေကို ယူဆောင်သွားတဲ့ဖြစ်စဉ် မနေ့ ဇန်နဝါရီ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

” ဈေးရောင်း ပြန်လာသူနှစ်ဦး အသတ်ခံရတဲ့အမှုက အပိုင်နယ်ထဲမှာမဟုတ်လို့ အမှုမဖွင့်ထားဘူး။ သက်ဆိုင်ရာ ဖားပွန်ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ဒီဘက်က ဆေးစာတို့ဘာတို့ လုပ်ပေးထားရပါတယ်”လို့ ကျောက်ကြီးမြို့မရဲစခန်းမှူဒ ဒု-ရဲမှူး အောင်ဌေးဝင်းက ပြောပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့၊ တောင်ငူတန်းရပ်ကွက်နေ ဦးတာ(၅၄ နှစ်)နဲ့ ဦးထွန်းစိုး(၄၂ နှစ်)တို့နှစ်ဦးဟာ ဆိုင်ကယ်‌တွေနဲ့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ မူသဲကျေးရွာအနီး ဘောစဲခိုစခန်းကို ဈေးရောင်းသွားကြပါတယ်။

ဈေးရောင်းပြန်လာချိန် နေ့လယ် ၂နာရီခန့်က ရှာမားကုန်းအတက်မှာ KNU တပ်မဟာ ၅ လက်အောက်က အမှတ်(၁၀၂)တပ်ရင်းက တပ်ဖွဲ့ဝင်အချို့က ဈေးရောင်းလာသူတွေကို လက်နက်ငယ်နဲ့ပစ်ခတ်ပြီး ဈေးရောင်းချထားတဲ့ငွေကြေးအချို့ကို ယူဆောင်သွားတယ်လို့ မနေ့ ဇန်နဝါရီ ၁၉ရက်နေ့က တပ်မတော်ကနေ သတင်းထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

အခုလိုဖြစ်စဉ်ကြောင့် NCA စာချုပ်ပါ အချက်အလက်တွေကို ချိုးဖောက်ကြောင်း တွေ့ရှိရတဲ့အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(ကရင်ပြည်နယ်) နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်း‌ရေးဗဟိုဌာန(NRPC)တို့ဆီကို ကန့်ကွက် သွားမယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးဗဟိုကော်မတီဝင် ဖဒိုစောတာဒိုမူးနဲ့ KNU တပ်မဟာ ၅ တာဝန်ရှိသူတွေကို ဒီကနေ့မနက်ပိုင်းက ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ကျောက်ကြီးမြို့ခံ အချို့ဟာ NCA စာချုပ်လက်မှတ်ထိုးပြီးနောက်ပိုင်း ကရင်လက်နက်ကိုင်တပ်ရင်းတပ်ဖွဲ့တွေ အခြေစိုက်ရာနေရာတွေကို သွားရောက် ဈေ‌းရောင်းချတာဖြစ်ပြီး ဈေးရောင်းအပြန်မှာ ဒေသထွက် အိမ်မွေးတိရိစ္ဆာန် ကြက်၊ဝက်၊ဆိတ်တွေကို ပြန်လည်ဝယ်ယူခဲ့တာမျိုးတွေလည်း ရှိနေတယ်လို့ ဈေးရောင်းချဖူးသူအချို့ရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ကျောက်ကြီး #အကြောင်းမဲ့ပစ်ခတ်ခံရ #ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW