တပ်မတော်ရဲ့လုပ်ရပ်တွေကို နိုင်ငံတကာက အရေးယူပေးဖို့ စစ်ရှောင်တွေ ဆန္ဒဖော်ထုတ်

ဇန်နဝါရီ ၂၀ -၂၀၂၁
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာကအရေးယူပေးဖို့ အပါအဝင် အစိုးရနဲ့ တပ်မတော်ကို ဝေဖန်တဲ့ ဆိုင်းဘုတ်တွေနဲ့ ကျောက်တော်မြို့က စစ်ဘေးရှောင်တွေဟာ မနေ့ ဇန်နဝါရီ ၁၉ရက်ညနေပိုင်းက ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပွဲမှာပါဝင်တဲ့ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာက စစ်ဘေးရှောင် ဒေါ်ဖြူဖြူသိန်းက” ရွာမှာကျန်ခဲ့တဲ့ ပစ္စည်းတွေကို ပြန်လိုချင်လို့ ဆန္ဒဖော်ထုတ်တာပါ။ ရွာကို တပ်မတော်ကဝင်လို့ မနေရဲဘဲ ထွက်ပြေးလာကြတာ (၂) နှစ်နီပါးကြာနေပါပြီ။ ရွာကို ပြန်သွားချင်တဲ့အတွက် ဆန္ဒဖော်ထုတ်ရတာပါ”လို့ ပြောပါတယ်။

အသက် (၁) နှစ်ခွဲအရွယ် သားလေးတစ်ယောက်နဲ့အတူ ကျောက်တော်မြို့ပေါ် စစ်ရှောင်စခန်းကို ထွက်ပြေးလာရတဲ့ ဒေါ်ဖြူဖြူသိန်းကပြောဆိုသွားခဲ့တာဖြစ်ပြီး ရွာအနီးကတောင်ပေါ်မှာ တပ်မတော်သားတွေရှိတဲ့အတွက် နေရပ်မပြန်နိုင်ဖြစ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ကျောက်တော်မြို့နယ်၊ မာလာရွာသစ်က စစ်ဘေးရှောင်အမျိုးသမီး ဒေါ်မစံသိန်က” ရွာမှာ စစ်သားတွေမရှိရင် ကျမတို့ သွားမှာပါ။ မိုင်းတွေဘာတွေ ရှင်းလင်းပြီးပြီဆိုလို့ရှိရင် ရွာကို ပြန်ဖို့ ဆန္ဒရှိပါတယ်။ ကျမတို့ ပစ္စည်းတွေကို ပြန်ပေးချင်ပေး မပေးချင်ရင်နေ၊ ကျမတို့ ဘဝကို သုညက ပြန်စရပါစေ ရွာကိုပြန်ချင်ပါတယ်”လို့ ဆန္ဒဖော်ထုတ်မှုအပြီးမှာ ပြောပါတယ်။

ဆန္ဒပြပွဲကို ကျောက်တော်မြို့ပေါ်က စစ်ဘေးရှောင်ဦးရေ (၅၀) လောက်ပါဝင်ပြီး ကျောက်တော်မြို့၊ မဟာကံကြီးရှင်ဘုရားကြီးရှေ့မှာ ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကျောက်တော် #တပ်မတော်လုပ်ရပ် #စစ်ရှောင်တွေ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW