စစ်ကိုင်းသီရိမင်္ဂလာခုံးကျော်တံတား တည်ဆောက်တုန်းက သိမ်းဆည်းခဲ့တဲ့ မြေယာတွေအတွက် လျော်ကြေးရပြီ

စစ်ကိုင်း ဇန်နဝါရီ ၂၁ -၂၀၂၁
မောင်တာရာ (VOM)

စစ်ကိုင်းမြို့၊ရွာထောင်ရပ်ကွက်၊အိုးဘိုရပ်မှာ၂၀၀၈ -၂၀၀၉ ဘဏ္ဍာရေးနှစ်က တည်ဆောက်ခဲ့တဲ့ သီရိမင်္ဂလာခုံးကျော်တံတား တည်ဆောက်ခဲ့စဉ်က မြေသိမ်းဆည်းခံခဲ့ရတဲ့ မြေပိုင်ရှင် (၁၆)ဦးကို ဒီနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနကနေ မြေယာလျော်ကြေးငွေ စုစုပေါင်း ကျပ်သိန်း (၂၃၅၈ ) သိန်း လျော်ကြေးပေးခဲ့ပါတယ်။

တံတားဦးစီဌာန၊တည်ဆောက်ရေးအဖွဲ့ (၁)၊ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်စွာထွန်း က ”၂၀၀၈ -၂၀၀၉ ဖြစ်တဲ့အတွက်ကြောင့်မို့ မြေယာလျော်ကြေးပေးတဲ့ အနေအထားမရှိပါဘူး၊ အခုလက်ရှိ နိုင်ငံတော်အစိုးရမူဝါဒအရ နစ်နာကြေးငွေ ပေးရမှာရှိတဲ့အတွက်ကြောင့် မူဝါဒနဲ့ အညီ လျော်ကြေးငွေ နစ်နာကြေး ပြန်လည်တွက်ချက်ပြီးတော့မှ ခု လျော်ကြေးငွေ ပေးအပ်နိုင်ခဲ့ပါတယ်၊ တစ်ဧကရဲ့ လက်ရှိပေါက်ဈေး ကျပ်သိန်းသုံးထောင်နဲ့ တွက်ချက်ပြီး လျော်ကြေးပေးခဲ့တာ ဖြစ်ပါတယ် ”လို့ ပြောပါတယ်။

သီရိမင်္ဂလာခုံးကျော်တံတား တည်ဆောက်တုန်းက မြေသိမ်းဆည်းခံခဲ့ရတဲ့ မြေပိုင်ရှင် (၁၆)ဦးကို မြေယာလျော်ကြေးငွေပေးဖို့အတွက် ၂၀၁၈ ခုနှစ်ကတည်းက သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြတောင်းခံခဲ့ရာ ၂၀၁၉ ခုနှစ်မှာ ရန်ပုံငွေ လျာထားပြီးတော့ ၂၀၂၀ ခုနှစ်မှာ ရန်ပုံငွေ ကျလာတဲ့ ခုချိန်မှ လျော်ကြေးငွေတွေ ပေးအပ်နိုင်ခြင်းဖြစ်တယ်လို့ ဦးကျော်စွာထွန်း ကပြောပါတယ်။

”တချိန်တုန်းကတော့ အသိမ်းခံလိုက်ကြရတယ် ကျွန်တော်တို့ ပြန်ပြောလို့ မရဘူး၊ပြန်တောင်းလို့ မရဘူး အချို့ ကိစ္စတွေဟာ နိုင်ငံတော်အတွက် လုပ်တာမှန်သော်လည်း ကာယကံရှင် တွေမှာ များစွာ ထိခိုက်မှု ရှိမယ် နစ်နာမှုရှိမယ် သို့သော် အဲဒီခေတ် အဲဒီအချိန်က ပြောလို့လည်းမရဘူး တောင်းလို့လည်း မရဘူး ဒီနေ့ ပြည်သူ့အစိုးရဖြစ်နေပြီ တနည်းပြောရင် ပြည်သူကို မျက်နှာမူတဲ့ အစိုးရ၊ လက်ရှိအစိုးရဟာ မြေသိမ်းတဲ့ အစိုးရမဟုတ်ဘူး မြေပြန်ပေးတဲ့ အစိုးရပါ ”ဟု စစ်ကိုင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းက ပြောပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #သီရိမင်္ဂလာခုံးကျော်တံတား

Related posts

Leave a Comment

VOM News

FREE
VIEW