ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမှာ ငြိမ်းစုစီမတင်ဘဲ တစ်ကိုယ်တော်ဆန္ဒပြသူ ၂ဦးကို ငြိမ်းစုစီနဲ့အမှုဖွင့်

ဇန်နဝါရီ ၂၁ -၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှာ တပ်မတော်ကိုထောက်ခံကာ ရွေးကောက်ပွဲကော်မရှင်ကိုကန့်ကွက်ကြောင်း ငြိမ်းစုစီမတင်ဘဲ တကိုယ်တော်ဆန္ဒပြခဲ့သူ နှစ်ဦးကို ငြိမ်းစုစီပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ သက်ဆိုင်ရာရဲစခန်းတွေကနေ သိရပါတယ်။

ဒဂုံမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၁ရက်နေ့လယ်ပိုင်းက ပြည်လမ်း အရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့မှာ ပြည်ထောင်စုတရားသူကြီးချုပ် နိူင်ငံတော်ကို ကယ်တင်ပေးပါ ခေါင်းစဉ်နဲ့ တကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။

တစ်ကိုယ်တော်ဆန္ဒပြသူ ဒေါ်တူးတူးမာက “အဓိက မဲလိမ်မဲခိုးမှု မဖြေရှင်းပေးလို့ ဆန္ဒပြတာပါ၊ ပြည်သူ့ဆန္ဒကိုအလေးထားပါ၊ စာချွန်တော်ကိုလက်ခံပါ၊ ပြည်ထောင်စုတရားသူကြီးချုပ် နိူင်ငံတော်ကိုကယ်တင်ပေးပါ၊ ပြည်သူဆန္ဒကိုအလေးမထားလို့ ဆန္ဒပြတာပါ”လို့ ပြောပါတယ်။

ခွင့်ပြုချက်မဲ့ ငြိမ်းစုစီမတင်ဘဲ ဆန္ဒဖော်ထုတ်ခဲ့သူ ဒေါ်တူးတူးမာကို (ပ)၉/၂၀၂၁၊ ငြိမ်းစုစီပုဒ်မပုဒ်မ-၁၉နဲ့ ဒဂုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားတာဖြစ်တယ်လို့ သိရပါတယ်။

အလားတူး ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်း၊ ရာဇဂြိုလ်ကျောင်းတိုက်ရှေ့မှာ ဒီကနေ့န့လယ်ပိုင်းက ပြည်သူဆန္ဒဖော်ထုတ်ခြင်းမပြုဘဲ လွှတ်တော်ခေါ်ယူခြင်းမပြုဖို့ ကိုဘိုဘိုဆိုသူက တစ်ကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။

တစ်ကိုယ်တော်ဆန္ဒပြတဲ့ ကိုဘိုဘိုက “ဒီမိုကရေစီပျက်သုန်းမှုအကြံ ဒို့ လက်မခံ၊ ပြည်ထောင်စုတရားသူကြီးချုပ် နိူင်ငံတော်ကယ်တင်ပေးရေး ဒို့အရေး၊ မဲပြသာနာများ မဖြေရှင်းဘဲ လွှတ်တော်ခေါ်ယူမည့်အကြံ ဒို့လက်မခံ စတဲ့ကြွေးကြော်သံတွေနဲ့ ဝန်းရံသူ၂၀ဦးတို့က ကြွေးကြော်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ဆန္ဒပြပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကိုဘိုဘိုဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်းမရှိသေးပေမယ့် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက ငြိမ်းစုစီပုဒ်မ – ၁၉နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ UECကန့်ကွက်ပွဲ၊ တပ်မတော်ထောက်ခံပဲွဲပြုလုပ်သူတွေကို ငြိမ်းစုစီမတင်တဲ့အတွက် ဖမ်းဆီးခံထားရသူတွေရှိနေပြီး တရားရုံးမှာ အမှုရင်ဆိုင်နေရသူတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #တကိုယ်တော်ဆန္ဒပြသူ #ငြိမ်းစုစီနဲ့အမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW