ဘိုးဘွားပိုင် လယ်မြေပေါ် ပြန်လည်နေထိုင်တဲ့ လယ်သမား ၁၅ ဦးကို တပ်မတော်က တရားစွဲ

ဇန်နဝါရီ ၂၂ -၂၀၂၁
ခွန်ခမ့်သူ(VOM)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ ဘားအံ-လှိုင်းဘွဲသွား ကားလမ်းဘေးရှိ ဘိုးဘွားပိုင်လယ်မြေပေါ် ပြန်လည်နေထိုင်ဖို့ တဲအိမ်ဆောက်လုပ်ပြီး ခြံစည်းရိုးကာရံတဲ့ ဒေသခံ တမီးလ်လူမျိုးလယ်သမား ၁၅ ဦးကို တပ်မတော်က တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

သိမ်းဆည်းခံလယ်သမားတွေဟာ တဲအိမ်ဆောက်လုပ်ခြင်း၊ ခြံစည်းရိုးကာရံခြင်းတွေကို ပြုလုပ်ခဲ့တဲ့အတွက် ပိုင်နက်ကျူးလွန်မှုပုဒ်မ – ၄၄၇နဲ့ ၁၄ ဦး၊ အားပေးကူညီမှုပုဒ်မ – ၁၁၄ နဲ့ ၁ ဦး တပ်မတော်ဖက်က တရားစွဲဆိုတာဖြစ်တယ်လို့ လှိုင်းဘွဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦးကပြောပါတယ်။

“ခမရ ၂၀၃ က အမှုဖွင့်ထားတယ်။ ကျနော်တို့က ဥပဒေအကြံပြုချက် တင်တယ်။ စစ်ဆေးပေါ် ပေါက်ချက်အရ တရားစွဲဖို့အတွက် ဥပဒေအကြံဉာဏ်လည်း ကျလာတယ်။ ကျလာတဲ့အပေါ်မှာ ကျနော်တို့က တရားစွဲတင်ရမှာ”လို့ ရဲမှူးသန်းဦးကပြောပါတယ်။

မိဘဘိုးဘွားပိုင်လယ်မြေဧက ၄၉ ဧကကို တပ်မ(၂၂)လက်အောက်ခံ၊ အမှတ် – ၂၀၃ ခြေမြန်တပ်ရင်းက တပ်တည်ဆောက်ရေးအတွက် ၁၉၉၅ ခုနှစ်ကနေ သိမ်းဆည်းခဲ့တယ်လို့လည်း သိရပါတယ်။

သိမ်းဆည်းခဲ့တဲ့ လယ်မြေတွေနဲ့ပတ်သက်ပြီး နစ်နာကြေး၊ လယ်မြေအစားပေးခြင်းမရှိတဲ့အပြင် တပ်တည်ဆောက်ပြီးနောက်ပိုင်း မလိုအပ်ဘဲ ကားလမ်းဘေးက လယ်မြေတွေကိုပါ နှစ်အလိုက်ထပ်မံတိုးချဲ့ သိမ်းဆည်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဟိန္ဒူသာသနာရေးအဖွဲ့ စာရင်းစစ် ဦးဘုန်းကြီးက “ဒီဘိုးဘွားပိုင် မြေလေးပေါ်နေဖို့အခွင့်အရေးလေးကို တပ်မတော်က အမူဖွင့်မယ်။ တရားစွဲမယ်ဆိုတော့ ကျနော်တို့လူတွေ ဘာလုပ်စားမလဲ။ ဘယ်မှာ သွားနေရတော့မလဲ”လို့ ပြောပါတယ်။

သိမ်းဆည်းလယ်မြေတွေအပေါ် တပ်မတော်က ရာဘာလုပ်ငန်းရှင်တွေ ၊ ထုံးဖိုလုပ်ငန်းရှင်တွေကို ငှားရမ်းလုပ်ကိုင်ခွင့်ပြုထားတဲ့အတွက် မူလပိုင်ရှင်တွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေကို တင်ပြတိုင်ကြားထားတယ်လို့လည်း လယ်သမားတွေက ပြောပါတယ်။

သိမ်းဆည်းစဉ်ကာလက အတင်းအဓမ္မ ခြိမ်းခြောက်ဖယ်ရှားခိုင်းတဲ့အပြင် နေအိမ်တွေကို ဖျက်စီးခဲ့တဲ့အတွက် ဘိုးဘွားပိုင်လယ်မြေတွေ ၊ နေအိမ်တွေ နစ်နာဆုံးရှုံးခဲ့ရပြီး နေစရာမြေမရှိ လုပ်ကိုင်စရာလယ်မြေမရှိတဲ့အတွက် ဒီကနေ့အချိန်ထိ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လှိုင်းဘွဲ #ဘိုးဘွားပိုင်မြေနေသူတွေ #တပ်မတော်ကတရားစွဲ

Related posts

Leave a Comment

VOM News

FREE
VIEW