မူဆယ်မှာ လ.ဝ.က ဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါနဲ့ ပထမဦးဆုံးသေဆုံး

ဇန်နဝါရီ ၂၃ -၂၀၂၁
အေးချမ်းသူ(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်မှာ ကြပ်မတ်ကုသခြင်းခံနေရတဲ့ လ.ဝ.က ဝန်ထမ်းတစ်ဦး မနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းက ကိုဗစ်ရောဂါနဲ့ သေဆုံးသွားတယ်လို့ မူဆယ်ပြည်သူ့ဆေးရုံကြီးကနေ သိရပါတယ်။

“သူမှာက နှလုံးသွေးအားနည်းရောဂါရယ်၊ ဆီးချိုရယ် ရှိတယ်။ တော်တော်ကုသထားရတာ၊ ဒီရက်ပိုင်းလေးမှာ သက်သာလာလို့ အောက်စီဂျင်တွေ လွှတ်သွားပြီပေါ့။ ကျွန်တော်တို့သတင်းပို့တာကို တင်ထားတဲ့အခြေအနေပေါ့။ ဒါပေမယ့် မနေ့ကတော့ ရုတ်တရက်ဖောက်လာတယ်။ ပြီးတော့ ကျွန်တော်တို့ ဘယ်လိုကုကု၊ ညနေ ၅ နာရီ ၄၅ လောက်မှာ ဆုံးသွားတယ်၊ မူဆယ်ခရိုင်မှာ ပထမဦးဆုံး ကိုဗစ်ရောဂါဖြင့်သေဆုံးခဲ့သူတစ်ဦးလည်းဖြစ်တယ်”လို့ မူဆယ်ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုးကVOMကိုပြောပါတယ်။

သေဆုံးအမျိုးသားဟာ အသက်၄၅နှစ်ခန့်ရှိပြီး မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ ဒေါက်တာဟန်နိူင်စိုးက VOMကိုအတည်ပြုပြောပါတယ်။

ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့တဲ့ လ.ဝ.က ဝန်ထမ်းအမျိုးသားကို မူဆယ်မြို့ သုဿာန်မှာ မနေ့ ည၇ နာရီ၄၅ မိနစ်ခန့်က သင်္ဂြိုလ်ခဲ့တယ်လို့လည်း သိရပါတယ်။

သေဆုံးတဲ့ လ.ဝ.က ဝန်ထမ်းအမျိုးသားဟာ ၂၀၂၀ ဒီဇင်ဘာ ၂၄ ရက်နေ့က မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့၊ နန်းတော်ဂိတ်ကနေ တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တဲ့ မန္တလေးဗဟိုအကျဉ်းထောင် ပြစ်ဒဏ်ကျခံ တရုတ်နိုင်ငံသား ၅ ဦးထဲက ပိုးတွေ့လူနာ ၄ ဦးနဲ့ ထိတွေ့ခဲ့သူ ဖြစ်ပါတယ်။

မူဆယ်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ဧပြီလ ၂၄ ရက်ကနေ အခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း ၇၁ ဦးရှိပြီး ပိုးတွေ့လူနာ ၅၉ ဦးမှာ ရောဂါသက်သာလို့ ဆေးရုံဆင်းခွင့်ရခဲ့ပြီး ကျန်ပိုးတွေ့လူနာ ၁၁ ဦးကိုတော့ မူဆယ်ခရိုင်ပြည်သူ့ဆေးရုံသစ်ကြီး အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

Photo – Musei iprd
#voiceofmyanmar #VOM #မူဆယ် #ကိုဗစ် #လဝကဝန်ထမ်းသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW