ဗိုလ်ချုပ်စျေးအပါအဝင် စျေးအားလုံးကို စစ်ဆေးနိုင်ဖို့ တိုင်းကျန်းမာကို စာတင်ထား

ဇန်နဝါရီ ၂၅ -၂၀၂၁
ယဉ်ပပထွန်း(VOM)

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်က ဗိုလ်ချုပ်စျေး ၊ သိမ်းကြီးစျေးအပါအဝင် စျေးအားလုံး ပြန်လည်ဖွင့်နိုင်ဖို့ လိုက်နာရမယ့် စည်းကမ်းချက်တွေကို အခုတစ်ပတ်အတွင်းမှာ တိုင်းကျန်းမာ ရေးအဖွဲ့က လာရောက်စစ်ဆေးပေးဖို့ စာတင်ထားတယ်လို့ သိရပါတယ်။

စျေးအားလုံးကို ဖွင့်နိုင်ဖို့ စည်းပင်စျေးကော်မတီ ၊ ကိုဗစ်ကော်မတီ နဲ့ ကျန်းမာရေးမှူးတို့ကို အရက်တစ်ပတ်က အစည်းအဝေးခေါ်တိုင်ပင်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ် ။

“ စျေးရှေ့မှာ လက်ဆေးဘေစင်တွေထားဖို့ အပူချိန်တိုင်းဖို့ ဆိုင်တွေရှေ့မှာ လက်ဆေးဘင်စင်ထားဖို့ လူတွေက ခြောက်ပေကွာနဲ့ ရောင်းဝယ်ဖို့တို့ မှာထားတာရှိတယ်။ ကျန်မာရေးခရိုင်က စစ်ဆေးမယ့်သူတွေက ဒီတစ်ပတ်ထဲလာစစ်မယ်။ ဒီတစ်ပတ်ထဲမှာ စစ်ပေးပြီးတော့မှ ဖွင့်ပေးမှာ၊ ဗိုလ်ချုပ်စျေးတစ်ခုပဲမဟုတ်ဘူး ပန်းဘဲတန်းမြို့နယ်မှာ ရှိနေတဲ့ စျေးအားလုံးအတွက်ကို လာစစ်ဖို့အတွက် စာတင်လိုက်ပြီ “ လို့ ပန်းဘဲတန်း အမှတ်(၁)တိုင်းလွှတ်‌တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက VOM ကိုပြောပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ်က မင်္ဂလာစျေးကို ၁၄ ရက်နေ့က ပြန်လည်ဖွင့်ဖို့ လုပ်ဆောင်ထားပေမယ့် လက်ရှိမှာ ဖွင့်ခွင့်မရသေးတဲ့အတွက် အဲ့ဒီစျေးကို အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အမှတ်(၂) တိုင်းကိုယ်စားလှယ် ဦးရန်အောင်က VOM ကိုပြောပါတယ်။

“ ကျွန်တော်တို့က အမြန်ဆုံးဖွင့်စေချင်တယ်။ အဓိက ဆုံးဖြတ်ရမှာက တိုင်းကိုဗစ်ကော်မတီ ပေါ့ ။ တိုင်းကိုဗစ်ကော်မတီက လိုအပ်သလိုမျိုး လာရောက်စုံစမ်းစစ်ဆေးပြီးသွားပြီ ။အထက်ကို တင်ပြထားတယ်။ အဲ့ဒီကနေ ခွင့်ပြုချက်ရမှ ဖွင့်ပေးလို့ရမှာ။ စျေးသူ၊စျေးသားတွေ ဘက်ကလည်း လိုအပ်တာတွေလုပ်ဆောင်ထားပါတယ်။ စျေးသူစျေးသားတွေကလည်း အခက်အခဲဖြစ်စေနေပါပြီ ။ တခြားစျေးတွေ ဖွင့်နေတော့ သူတို့လည်းဖွင့်ချင်တယ်။ ကိုယ့်ဖောက်သည်တွေက တခြားလူတွေဆီ ရောက်ကုန်တာပေါ့၊ အမြန်ဆုံးဖွင့်နိုင်အောင် လုပ်ဆောင်နေပါတယ် “ လို့ ဦးရန်အောင်ကပြောပါတယ်။

တာမွေမြို့နယ်မှာရှိနေတဲ့ ယုဇနပလာဇာစျေးကိုတော့ ကိုဗစ်စည်းကမ်းချက်နဲ့အညီ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဗိုလ်ချုပ်ဈေး #ဈေးအားလုံးပြန်ဖွင့်ဖို့ #စာတင်ထား

Related posts

Leave a Comment

VOM News

FREE
VIEW