အာဏာသိမ်းဖို့ လိုသလား

 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်(ဗိုလ်ချုပ်) ဇော်မင်းထွန်းရဲ့ ရွေးကောက်ပွဲမဲစာရင်းစိစစ်တွေ့ရှိချက် သတင်းစာရှင်းလင်းပွဲအပြီးမှာ အာဏာသိမ်းမလား ဆိုတဲ့ ဂယက်ဟာ အတော်ရိုက်ခတ်သွားပါတယ်။

 

တကယ်တော့ အလုပ်သမားတွေရဲ့ လုပ်ခလစာ တောင်းဆိုမှုတွေ၊ ကျောင်းသားတွေရဲ့ ပညာရေးတောင်းဆိုမှုတွေ၊ လယ်သမားတွေရဲ့ သိမ်းဆည်းလယ်ယာပြန်ရရေး တောင်းဆိုမှုတွေကို တပ်မတော်အာဏာသိမ်းမှာစိုးလို့ဆိုတဲ့ အတွေးမှားတွေနဲ့ ဆန္ဒပြပွဲတွေကို ကန့်ကွက်ရှုတ်ချလာကြတာ ကြာမြင့်ခဲ့ပါပြီ။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်အနေနဲ့ အာဏာသိမ်းမယ်၊ မသိမ်းဘူးဆိုတာ မပြောနိုင်ဘူးလို့ ဆိုပြီးချိန်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဖို့ ရွေးကောက်ပွဲဝင်ရပါတယ်ဆိုတဲ့ ပါတီတွေနဲ့ ၂၀၀၈ ကို ပြင်ချင်ပါတယ်ဆိုတဲ့ လူပုဂ္ဂိုလ်တွေက ထိတ်လန့်သလိုလို မှတ်ချက်တွေ ထွက်လာကြပါတယ်။

 

နိုင်ငံရေးကို တတ်သိနားလည်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ တပ်အာဏာသိမ်းရေးအပေါ် ကြောက်လန့်စိုးရိမ်တာတွေ ထုတ်ဖော်ပြောပြီးချိန်မှာတော့ ပြည်သူတွေကြားမှာပါ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာပဲ အေးအေးလူလူ နေပါတော့မယ်ဆိုတဲ့ အမြင်တွေ လွှမ်းမိုးလာပါတော့တယ်။

 

ဆူဆူပူပူတွေ မလုပ်ကြနဲ့ဆိုတာ အရင်က စစ်တပ်ကပဲ တလျှောက်လုံးပြောဆိုလာတာ ဖြစ်ပေမယ့် ခုချိန်မှာတော့ အချို့ဒီမိုကရေစီလိုလားသူဆိုသူတွေရဲ့ ပါးစပ်မှာပါ ရေပန်းစားလာနေပါတယ်။ တကယ်တော့ နာဂစ်ဖွဲ့စည်းပုံအခြေခံဉပဒေကို ပြင်ဖို့လိုတယ်လို့ ပြောသူတွေကိုယ်တိုင် ၂၀၀၈ ကို ကာကွယ်စောင့်ရှောက်သူတွေ ဖြစ်မှန်းမသိ ဖြစ်လာကြတာလို့  ရှုမြင်မိပါတယ်။

 

တပ်မတော်က ဥပဒေပြုရေးမှာ သူတို့ခွင့်ပြုချက်မပါဘဲ ဖွဲ့စည်းပုံရဲ့ အရေးပါတဲ့အချက်တွေကို ပြင်ဆင်ခွင့်မရှိတဲ့ အာဏာ၊ တပ်မတော်ကို ရွေးကောက်ခံအစိုးရခေါင်းဆောင်တွေက အမိန့်ပေးလို့မရဘဲ ကာကွယ်ရေးဦးစီးချုပ်တဦးထဲက တပ်ပိုင်းဆိုင်ရာတွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရှိနေတဲ့ အာဏာ၊ အစိုးရအဖွဲ့ရဲ့ အရေးပါတဲ့ ပြည်ထဲရေး၊ နယ်စပ်ရေးရာလုံခြုံရေး၊ ကာကွယ်ရေးဝန်ကြီးဌာနသုံးခုမှာ တပ်မတော်က ဝန်ကြီးအဖြစ် ထမ်းဆောင်ခွင့်အာဏာ၊ အဖွဲ့ဝင် ၁၁ဦးရှိတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ တပ်မတော်ဘက်က ၆ဦးထိ ပါဝင်ခွင့်ရရှိနေတာတွေက ၂၀၀၈ အခြေခံဥပဒေက တပ်မတော်ကို ပေးအပ်ထားတဲ့ အာဏာတွေဖြစ်ပါတယ်။ အဲ့လို အာဏာတွေ ရရှိအောင်လည်း  တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဟာကွက်မရှိအောင် ၁၄နှစ်ကြာ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

 

၁၉၄၇ အခြေခံဥပဒေဟာ ၁၉၆၂ စစ်အာဏာသိမ်းမှုကြောင့် ပျက်ပြယ်ခဲ့ရသလို ၁၉၇၄ အခြေခံဥပဒေဟာလည်း ၁၉၈၈ စစ်အာဏာသိမ်းမှုကြောင့် ပျက်ပြယ်ခဲ့ရတာပါ။ အလားတူပဲ ၂၀၀၈ အခြေခံဥပဒေဟာလည်း စစ်အာဏာသိမ်းလိုက်ရင် ပျက်ပြယ်သွားမှာပါ။ သူတို့ကိုယ်တိုင် ၁၄နှစ်ကြာ ရေးဆွဲခဲ့ရတဲ့ ဥပဒေတခုကို တပ်မတော်က ကိုယ်တိုင် ဖျက်မပစ်ဘူးဆိုတာ စဉ်းစားတတ်သူတိုင်း သိနိုင်ပါတယ်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဝင်ပြီးတဲ့နောက် နိုင်ငံတကာနဲ့ ပြည်တွင်းမှာ ရလာတဲ့ ချိုမြိန်မှုတွေကို တပ်မတော်က နှစ်သက်နေပါပြီ။ ဒီဖွဲ့စည်းပုံကြောင့် နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ပြေလျော့ခဲ့သလို၊ ဒီဖွဲ့စည်းပုံကြောင့်ပဲ ICJ မှာ စွပ်စွဲခံရတဲ့ တပ်မတော်က ကိုယ်တိုင်သွားရောက်ဖြေရှင်းစရာမလိုတာပါ။ ဒီဖွဲ့စည်းပုံနဲ့ပဲ ဒေါ်လာ ဘီလျံချီတန်တဲ့ စီးပွားရေးတွေကို နိုင်ငံတကာနဲ့ တွဲလုပ်ခွင့်ရနေပါပြီ။ ဒီအခွင့်အရေးတွေဟာ တိုက်ရိုက်စစ်အာဏာအောက်မှာဆိုရင် ဘယ်လိုမှမရနိုင်တဲ့ အခွင့်အရေးတွေပါ။ လွှတ်တော်တွင်းက ဖွဲ့စည်းပုံပြင်ချင်တယ်ဆိုတဲ့ လူတွေလည်း ပြီးခဲ့တဲ့ ၅နှစ်အတွင်း အိုမင်းမစွမ်းကနေ သက်ကြီးရွယ်အို၊ မသန်မစွမ်းကနေ မသန်စွမ်းဆိုတဲ့ စကားရပ်တွေကလွဲရင် ဘာမှ ပြင်နိုင်သေးတာ မဟုတ်ပါဘူး။ မီဒီယာတွေအတွက် လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ ထိမ်းချုပ်ခံရတဲ့  ၆၆ (ဃ) လို ဆက်သွယ်ရေးဥပဒေကို လွှတ်တော်မှာ အများစုထိုင်ခုံရတဲ့ အာဏာရပါတီလို့ အမည်ခံတဲ့သူတွေက ပြင်မပေးသလို ဒီဥပဒေနဲ့ပဲ သူတို့ကိုယ်တိုင် တရားစွဲတာတွေရှိခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဆိုတာကြီးက လည်ပင်းကို ကြိုးကွင်းထပ် စွပ်ခံခဲ့ရတာ လက်တွေ့ပါ။

 

အဲ့ဒီတော့ အာဏာသိမ်းမယ်ဆိုတာမဖြစ်နိုင်ဘဲ တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အကာအကွယ်ယူပြီးတော့ပဲ လုပ်စရာရှိတာတွေ ဆက်လုပ်နေအုံးမှာဖြစ်ပါကြောင်း အယ်ဒီတာ့အာဘော်ကဏ္ဍကနေ တင်ပြလိုက်ရပါတယ်။

 

Voice Of Myanmar အယ်ဒီတာအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW