အိန္ဒိယနယ်စပ်ကနေ ဆန်ဝယ်ပြန်လာတဲ့ လူ ၄ ဦး တောမီးလောင်လို့ သေဆုံး

ဇန်နဝါရီ ၃၀ -၂၀၂၁
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ခေါ်လန်းမကျေးရွာသား ၄ ဦးဟာ မနေ့ ဇန်နဝါရီ ၂၉ ရက်ညနေပိုင်းက အိန္ဒိယနယ်စပ်ကနေ ဆန်ဝယ်ယူပြီး ပြန်လာတဲ့လမ်းမှာ တောမီးလောင်လို့ သေဆုံးသွားခဲ့ပါတယ်။

” ထန်ခေါ်လန်မကျေးရွာက လူ ၄ ယောက်က အိန္ဒိယနယ်စပ်မှာ ဆန်ဝယ်ပြီးအပြန် ကာရော်နောက်ညူကျေးရွာနဲ့ ထန်ခေါ်နောက်ကုန်း ကျေးရွာအကြား ထန်ခေါ်နောက်ကုန်းကျေးရွာအပိုင်နယ်မြေထဲမှာ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးဖို့ တောမီးရှို့ထားတဲ့ တောမီးကဝိုင်းပြီး လွှတ်အောင်မပြေးနိုင်တဲ့အတွက် မီးလောင်ပြီး သေဆုံးတာဖြစ်တယ်”လို့ လဟယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ယောက်ကပြောပါတယ်။

လဟယ်မြို့မရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်ကလည်း” တောမီးလောင်လို့ လူ ၄ ယောက်သေဆုံးတဲ့နေရာကို သွားနေတယ်၊ လဟယ်မြို့နဲ့ အခင်းဖြစ်နေရာက ၃၈ မိုင်ဝေးတယ်၊ ဆိုင်ကယ်နဲ့ ၄ နာရီလောက်သွားရပြီး နောက်ထပ် ခြေလျင် ၁ နာရီလောက်ဆက်သွားရတယ် ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ် ၊ ဖုန်းလိုင်းလည်း မမိဘူး ၊ မြို့နယ် မီးသတ်ဦးစီးမှူး နဲ့ ရဲစခန်းက ဒုရဲအုပ်တို့အဖွဲ့ သွားနေပါတယ်”လို့ ပြောပါတယ်။

မီးလောင်သေဆုံးတဲ့ လူ ၄ ဦးနေထိုင်တဲ့ရွာဟာ လဟယ်မြို့နဲ့ တောင်ပေါ်မြေသားလမ်း မိုင် ၄၀ ဝေးပြီး ဆိုင်ကယ်နဲ့ သွားမယ်ဆိုရင် အနည်းဆုံး ၄ နာရီကျော် အချိန်ကြာသွားလာရတဲ့အတွက် စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ဝယ်ယူတဲ့အခါ အိန္ဒိယနယ်စပ်က ဈေးဆိုင်တွေဆီကို သွားရောက်ဝယ်ယူရတာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #လဟယ် #အိန္ဒိယဆန်ဝယ်ပြန် #လူလေးဦး #တောမီးလောင်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW