အဆိပ်လို့ရေးထားတဲ့ဆေးဘူးတွေ ကိုင်လာသူ ၃ ဦးကို ရပ်ကွက်ကဖမ်းဆီး

ဖေဖော်ဝါရီ ၁၄ -၂၀၂၁
Voice Of Myanmar

ရန်ကုန်မြို့၊ သင်္ဃန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက် ၁၀ လမ်းထိပ်မှာ မသင်္ကာသူ သံသယဖြစ်ဖွယ် လူ ၂ဦးကို မနေ့ ဖေဖော်ဝါရီ ၁၃ ရက် ည ၇ နာရီကျော်က ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း သံသယဖြစ်ဖွယ် နောက်တစ်ဦးကိုတော့ ည ၁၀ နာရီဝန်းကျင်မှာ ဖမ်းမိခဲ့တယ်လို့ ငမိုးရိပ်ရပ်ကွက် တာ၀န်ရှိသူကပြောပါတယ်။

လူ ၂ ဦးကိုတော့ ငမိုးရိပ်ရပ်ကွက်၊ ၁၀ လမ်း၊ အပိုင်း ၁၊ အမှတ် ၂၇ အိမ်အောက်လှေကားမှာဖမ်းမိတာဖြစ်ပြီး ကျန်တစ်ဦးကိုတော့ စံပြစျေး လူကူးခုံးကျော်တံတားပေါ်ကနေ ဖမ်းမိတာဖြစ်တယ်လို့ သိရပါတယ်။

“အခုသူတို့လက်ထဲက မိထားတဲ့ ဆေးပုလင်းက ဘာလဲဆိုတာ မသိရသေးဘူး ။ တစ်ခုခု လုပ်ထားရင်တော့ ၂၄ နာရီမှာ အဖြေပေါ်မှာပါ ။ ဝန်မခံဘူးဆိုရင် မလွှတ်သေးပါဘူး ။ လက်ရှိမှာ ရဲ လက်မအပ်သေးဘူး ။ ကျွန်တော်တို့စောင့်ကြည့်အုံးမှာပါ။ အဖြေမရမချင်းစောင့်ကြည့်မယ် ။ လွှတ်‌ပေးခဲ့ရင်တောင် လူတိုင်းသိအောင် မျက်နှာမှာ တတ်တူးထိုးပေးလိုက်မှာပါ”လို့ ငမိုးရိပ် ရပ်ကွက်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

ဆေးဝါးကျွမ်းကျင် ဆရာဝန်တဦး အဆိုအရ
“ဒီဆေးဘူးက မူးယစ်ဆေးအစားထိုးကုတဲ့ မက်သာဒုန်းဆေးထည့်တဲ့ဘူးပါ
ပုံမှန်ဆို လူနာတွေက ဆေးရုံဆေးခန်းမှာ နေ့တိုင်း သွားသောက်ရတာပါ။
COVID ကာလမို့ နေ့တိုင်းလာစရာမလိုအောင် ဒီဘူးနဲ့ ၁-၂ ပတ်စာ ထည့်ပေးထားတာပါ။
တခြားလူ ယူသောက်မှာစိုးလို့ အဆိပ်လို့ရေးပေးထားတာ မူးယစ်ဆေးစွဲတဲ့သူမဟုတ်ဘဲ တခြားသူသောက်ရင် အန္တရာယ်ရှိလို့ပါ။ သေချာမေးကြည့်သင့်ပါတယ် ပုလင်းမှာ ဆေးထုတ်ပေးတဲ့နေရာလည်း ရေးပေးထားရပါတယ်” လို့ ဆိုပါတယ်။

အခုလက်ရှိ ဖမ်းမိထားတဲ့သူတွေရဲ့ ဆေးပုလင်းကိုတော့ အဆိပ်ရှိ၊မရှိဆိုတာ ဓာတ်ခွဲအဖြေရှာမှုတွေ မလုပ်ရသေးဘူးလို့လည်း သိရပါတယ်။

ရန်ကုန်မြို့နဲ့ နယ်မြို့တွေမှာ ဖေဖော်ဝါရီ ၁၂ ရက်ညပိုင်းကစပြီး မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းမှာ လူစိမ်းဝင်‌ရောက်မှုတွေကြောင့် ရပ်ကွက်တိုင်း၊ လမ်းတိုင်းမှာ လူငယ်တွေက ကင်းစောင့်နေကြရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အဆိပ်ဆေးဘူး #မသင်္ကာသူဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW