“CDM တွေအပေါ် နစအကောင်စီလုပ်ဆောင်နေတဲ့ ILO ရဲ့ အခြေခံမူတွေကိုချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်”

ဖေဖော်ဝါရီ ၁၈-၂၀၂၁
Voice Of Myanmar

NLD ပါတီကနေ CDM လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တစောင်ထွက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပါတီ ဗဟိုအလုပ်သမားရေးရာကော်မတီအတွင်းရေးမှူး ဒေါ်အိရွှေစင်ညွန့်ကို VOM က ဆက်သွယ်မေးမြန်းထားတာ တင်ပြလိုက်ပါတယ်။

VOM- CDM လှုပ်ရှားနေတဲ့ဝန်ထမ်းတွေကို မနေ့ကရုံးထုတ်ပြီးတော့ စစ်ဆေးနေပြီ။ NLD ပါတီအနေနဲ့ ဒီလိုခံရတဲ့ဝန်ထမ်းတွေအတွက် ဘာတွေလုပ်ပေးနေလဲခင်ဗျ။
DESSN- CDM လုပ်တဲ့ဝန်ထမ်းတွေအတွက် ကျမလည်း တရားဝင်ကြေညာထားပါတယ်။ နောက်တခုက ခုအခြေအနေက ပြည်သူနဲ့စစ်အုပ်စုနဲ့ တိုက်ရိုက်ဖြစ်တဲ့ကိစ္စဖြစ်တဲ့အတွက် ကျမတို့ NLD ပါတီက တခန်းတကဏ္ဍအနေနဲ့ ဘယ်လိုနေရာက ကူညီပေးရမလဲဆိုတော့ အကူအညီတောင်းလာတဲ့အခါမှာပဲဖြစ်ဖြစ်၊ ချိတ်ဆက်လို့ရလာရင်ပဲဖြစ်ဖြစ် ဥပဒေပိုင်းဆိုင်ရာတွေ ကျမတို့ တာဝန်ယူပေးမယ်။ နောက်တချက်က အနေအထိုင်၊ အစားအသောက် အခက်အခဲရှိတဲ့လူတွေကို ကျမတို့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ ပါတီအနေနဲ့က တိုက်ရိုက်မဟုတ်ပေမယ့် ကျမတို့က ချိတ်ဆက်လို့ရသလောက်ကို ပရဟိတအနေနဲ့ ပြည်သူအတွက် ဆောင်ရွက်ပေးနေတဲ့လူတွေရှိတယ်။ Manage သေချာလုပ်နိုင်တဲ့လူတွေရှိတယ်။ လှူတဲ့လူတွေရှိရင် အဲ့လူတွေနဲ့ ချိတ်ဆက်ပြီး ကျမတို့ဆောင်ရွက်ပေးနေပါတယ်။ ချိတ်ဆက်ဖို့အခက်အခဲရှိနေတဲ့ လူတွေအတွက်သာ ကျမတို့ လက်ရှိအချိန်မှာ ဆောင်ရွက်မပေးနိုင်သေးတာ ဖြစ်ပါတယ်ရှင့်။

VOM- ပြည်သူနဲ့ အာဏာသိမ်းတဲ့သူနဲ့ထိပ်တိုက်တွေ့တဲ့ပွဲဆိုတာမှာ ပြည်သူမဲပေးလို့ အနိုင်ရတဲ့ပါတီဆီက အာဏာကိုယူသွားလို့ လူထုကလမ်းပေါ်ထွက်တာဆိုတော့ ပါတီမှာ တာဝန်မရှိဘူးလား။ ပါတီက လုပ်သင့်တယ်လို့မထင်ဘူးလား။
DESSN- ကျမတို့ပါတီမှာ တာဝန်ရှိပါတယ်။ ကျမတို့က အနိုင်ရထားတဲ့ပါတီဖြစ်တယ်။ အစိုးရတရပ်ဖြစ်တယ်။ ကျမတို့ကို စစ်ကျွန်ဘဝကို ပြန်ပြီးတော့ သွတ်သွင်းဖို့ ကြိုးစားနေတဲ့အခါမှာ နိုင်ငံရေးပါတီတရပ်ထဲကို ဖိအားပေးတာထက်စာလို့ရှိရင် ကျမတို့ နိုင်ငံတခုလုံးကို အတင်းအဓမ္မဖိနှိပ်ပြီးတော့ အနိုင်ကျင့်တဲ့ကိစ္စကို ကျမက ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျမတို့ NLD အနေနဲ့ CDM လုပ်နေတဲ့ အလုပ်သမားတွေ၊ ဝန်ထမ်းတွေ၊ ပြည်သူတွေအားလုံးအပေါ်မှာ ကျမတို့မှာ တာဝန်အပြည့်ရှိပါတယ်ရှင့်။

VOM- ခု နစအကောင်စီကလုပ်နေတဲ့ ဝန်ထမ်းတွေအပေါ်ဖိအားနဲ့ အရေးယူမှုတွေဟာ နိုင်ငံတကာ အလုပ်သမား ဥပေဒေနဲ့ ကိုက်ညီမှုရှိမရှိ အမလေ့လာထားသလောက် ရှင်းပြပေးပါလား။
DESSN- ဒါကတော့ ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်ပါတယ်။ ကျမတို့ နိုင်ငံဟာဆိုလို့ရှိရင် ၁၉၄၈ခုနှစ်ကတည်းက ILO ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ ILO ရဲ့ အခြေခံမူဝါဒ ၈ချက်ထဲက ၄ချက်ဟာ ဆိုလို့ရှိရင် လက်ရှိအခြေအနေမှာ ပြောင်ပြောင်တင်းတင်းချိုးဖောက်တာ ဖြစ်ပါတယ်။ Forced Labor လို့ခေါ်တဲ့ convention 29၊ freedom of association လို့ခေါ်တဲ့ convention 87 ကို ကျမတို့နိုင်ငံက လက်မှတ်ထိုးထားပါတယ်။ လက်မှတ်ထိုးထားတဲ့အတွက်ကျမတို့က အကောင်အထည်ဖော်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လိုက်နာရုံတင်မဟုတ်ဘဲနဲ့ ဒီလိုဖိနှိပ်မှုတွေရှိရင်တောင်မှ အစိုးရ၊ ပြည်သူ၊ အလုပ်ရှင်၊ အလုပ်သမားအားလုံးက ဒါမျိုးမဖြစ်အောင် တာဝန်ယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ကျမတို့စောစောကပြောတဲ့ အခြေခံမူဝါဒတွေထဲက ၄ချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာ ဖြစ်တဲ့အတွက် ဒါဟာဆိုလို့ရှိရင် စစ်ရာဇဝတ်မှုလည်း မြောက်ပါတယ်။

VOM- ILO အပါအဝင် နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ NLD ပါတီ ဘာတွေပူးပေါင်းဆောင်ရွက်နေတာရှိလဲခင်ဗျ။
DESSN- ကျမတို့ NLD ပါတီက ရွေးကောက်ပွဲဝင်တဲ့ ၂၀၁၂ ကတည်းက ကျမတို့ပါတီရဲ့ အလုပ်သမားရေးရာအဖွဲ့နဲ့ ILO က စတိဗ်မာရှယ်နဲ့ ဆက်သွယ်ပြီးတော့ သင်တန်းပေးတာတွေ၊ ကျမတို့လိုအပ်တဲ့ စာရွက်စာတမ်း စာအုပ်တွေ ထုတ်ပေးတာတွေ ရှိပါတယ်။ ခုဒီဘက်နှစ်ပိုင်းမှာတော့ ဆက်သွယ်ညှိနှိုင်းရေးအရာရှိအသစ်ရောက်လာတဲ့အခါမှာ ဆက်သွယ်ညှိနှိုင်းမှုအားနည်းနေပါတယ်။

VOM- ILO နဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတော့ သူတို့လက်ရှိဆောင်ရွက်ချက်တွေအပေါ်အကြောင်းပြန်သလား အဲဒီအပိုင်းကိုပြောပြပါဦး။
DESSN- ကျမတို့ ပြီးခဲ့တဲ့ တပတ်ဝန်းကျင်လောက်ကတော့ ILO ဂျီနီဗာက ထုတ်တဲ့ကြေညာစာတမ်းတခုမှာ တွေ့ရပါတယ်၊ အဲ့ဒါကတော့ convention 87 ရဲ့ 98 နဲ့ ငြိစွန်းနေတဲ့အခြေအနေပေါ့နော်။ 98 ဆိုတာ ပြဌာန်းချက် ၉၈လို့ခေါ်ပါတယ်။ အဲ့ဒါက collective bargaining ပါ။ အလုပ်သမားတွေက မိမိဆန္ဒအလျောက် စုပေါင်းအရေးဆိုပိုင်ခွင့်ရှိပါတယ်။ အခုဟာက လုပ်ငန်းခွင်မဝင်ဘူးဆိုတဲ့ သူတို့ရဲ့ဆန္ဒအလျောက် လမ်းပေါ်မှာစုပေါင်းပြီးတော့ အရေးဆိုနေတာက အလုပ်သမားတွေရဲ့ CDM တွေရော၊ အခြားအလုပ်သမားတွေရဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒါကို ILO ကတော့ သူတို့ ဒီပြဌာန်းချက်တွေရှိတယ်ဆိုတာကို သတိပေးထားတာရှိပါတယ်။ လက်တွေ့က လိုအပ်နေပါသေးတယ်။ မြန်မာနိုင်ငံမှာလည်း ရုံစိုက်ထားတဲ့ ILO ရဲ့ ဆက်သွယ်ရေးရုံးရှိတဲ့အတွက် ဆက်သွယ်ရေးရုံးမှာရှိတဲ့ တာဝန်ရှိသူတွေကလည်း စစ်အုပ်စုဟာ အလုပ်သမားတွေရဲ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်ဆိုတာကို အကြိမ်ကြိမ်ဖိအားပေးပြီး ပြောဆိုဖို့လိုပါတယ်။ ကျမတို့ကိုယ်တိုင်ကလည်း အလုပ်သမားရေးရာဆောင်ရွက်တဲ့လူတွေကလည်း CDM တွေကို ကျမတို့က message ပေးချင်တာက လက်ရှိ CDM ရော၊ လမ်းပေါ်ထွက်ပြီးတော့ ဆန္ဒပြနေတဲ့ အလုပ်သမားတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေဟာ နိုင်ငံကိုကယ်တင်နေတာ၊ ဒီဆောင်ရွက်ချက်ဟာ အလုပ်သမားအခွင့်အရေးရဲ့ ပြဌာန်းချက်ဥပဒေနဲ့လည်း ကိုက်ညီတဲ့အပြင် ဒီ CDM တွေနဲ့ လမ်းပေါ်ထွက်ပြီးတော့ ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို မတရားဖိနှိပ်ပြီးတော့ အရေးယူရင် ILO မှာ ကျမတို့မြန်မာနိုင်ငံအနေနဲ့၊ စစ်အုပ်စုအနေနဲ့ အရေးယူဆောင်ရွက်လို့ရပါတယ်။ နိုင်ငံတကာက အရေးယူဆောင်ရွက်မှုတွေ အများကြီးခံရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကို ကျမပြောချင်ပါတယ်ရှင်။

VOM- တချို့ပြည်နယ်တိုင်း NLD ဝန်ကြီးတွေက အလုပ်ပိတ်ရက်အဖြစ်ကြေညာပေမယ့် ဝန်ထမ်းအတွက် အာမခံချက်ဆိုတာမတွေ့ရဘူး။ ဒီထုတ်ပြန်ချက်လောက်နဲ့ လုံလောက်တယ်လို့ထင်လား။
DESSN- အာမခံချက်ဆိုရာမှာ ကျမတို့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတကြီးကိုပါ သူတို့က မတရားဖမ်းဆီးခံရတဲ့ အခြေအနေဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျမတို့ပါတီရဲ့ အစိုးရက လက်ရှိအချိန်ထိ NLD အစိုးရလက်ထက်ပဲဖြစ်ပါတယ်။ အဲ့ဒီအခါမှာ ကျမတို့က ဒီအလုပ်သမားတွေကို အလုပ်မဆင်းဖို့အတွက် အလုပ်ပိတ်ရက်တွေကြေညာတယ်ဆိုတာက လုပ်ငန်းခွင်ထဲကို ဆက်ပြီးတော့လည်ပတ်သွားလို့ရှိရင် အာဏာသိမ်းထားတဲ့ စစ်အုပ်စုအတွက် လည်ပတ်နိုင်တဲ့ယန္တရားတခုဖြစ်သွားနိုင်ပါတယ်။ ဘယ်လိုအာမခံချက်ပေးနိုင်လည်းဆိုတော့ ကျမတို့က ဒီအခြေအနေကိုတော်လှန်ပြီးတော့ လွန်မြောက်တဲ့အချိန်မှာတော့ အလုပ်မဆင်းတဲ့အလုပ်သမားတွေအတွက် ကျမတို့ အာမခံချက်ကောင်းကောင်းပေးနိုင်ပါတယ်။

VOM- ပါတီအနေနဲ့ တိုက်တွန်းတာတော့လုပ်တယ်၊ ဒါပေမယ့် ပါတီရဲ့ ဦးဆောင်မှုပေးနိုင်တဲ့ သူတွေက ပုန်းအောင်နေရာကမထွက်ဘဲ ဆော်ဩတာမျိုးလောက်ပဲရှိတာကြောင့် အားမရသူတွေတွေ့နေရတယ်။ ခုပူးပေါင်းမှုမှာလည်း ဝန်ထမ်းအင်အားက DESSN- မြန်မာနိုင်ငံမှာရှိတဲ့ ဝန်ထမ်းအင်အားနဲ့စာရင် ၅ပုံ ၁ပုံလောက်ပဲရှိတော့ ပါတီက ဘာတွေတိုက်တွန်းချင်လဲဘယ်လိုဦးဆောင်မှုပေးမလဲ၊ ဝန်ထမ်းတွေအတွက် ဘာတာဝန်ယူပေးမလဲ။
ကျမအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ ကျမ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့နေပါတယ်။ ကျမက ဗဟိုအလုပ်သမားရေးရာရဲ့ အတွင်းရေးမှူးတာဝန်ယူရတဲ့လူဖြစ်ပါတယ်။ တချို့တော့ ပုန်းအောင်းပြီး‌တော့ တိုက်တွန်းနေတယ်ဆိုတာတော့ သူတို့ရဲ့အပိုင်းပေါ့နော်။ သူတို့ရဲ့ကဏ္ဍဖြစ်ပါတယ်။ ကျမတို့ကတော့ ပြည်သူလူထုရှေ့မှာ ထင်သာမြင်သာရှိပြီးတော့ ရပ်တည်နေပါတယ်။ တခုရှိတာက အခုကိစ္စမှာ ခေါင်းဆောင်ကိုဘယ်သူဆိုပြီးတော့ သွားပြီးတော့ ကျမတို့က စည်းရုံးလှုံ့ဆော်ရမယ့် အခြေအနေမဟုတ်ပါဘူး။ အားလုံးကဦးဆောင်ရမယ့်အခြေအနေပါ။ လက်ရှိ CDM ကိစ္စကို စပြီးတော့ဆောင်ရွက်တဲ့ ဆေးပညာဝန်ထမ်းတွေ၊ ဆရာဝန်တွေ သူတို့တွေကစပြီးတော့ CDM လုပ်သင့်တယ်ဆိုတဲ့ လှုံ့ဆော်ချက်ဟာဆိုရင် တကယ့်(တကယ့်)အားကောင်းတဲ့ စစ်အုပ်စုကိုကျမတို့တော်လှန်နိုင်တဲ့ စစ်ကျွန်ဘဝကနေ ပြန်လည်လွတ်မြောက်နိုင်တဲ့ အခြေအနေတရပ်ဖြစ်တဲ့အတွက် ပြည်သူလူထု၊ အလုပ်သမားထုအားလုံးက လိုက်ပါဆောင်ရွက်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်အုပ်စုက မတရားအာဏာသိမ်းပိုက်ထားတဲ့အချိန်မှာ သူ့ယန္တရားလည်ပတ်နိုင်တာက ဝန်ထမ်းတွေရဲ့အင်အားပဲ ဖြစ်ပါတယ်။ ဒီဝန်ထမ်းတွေက သူ့ယန္တရားကိုလည်ပတ်ဖို့အတွက် အလုပ်မဆင်းဘဲနေခြင်းဟာဆိုရင် ကျမတို့ စစ်အုပ်စုသွားချင်တဲ့ယန္တရားကို ရပ်ဆိုင်းဖို့အတွက် ရလဒ်တခုဖြစ်မှာပါ။ ဒါကြောင့်မို့ ကျမတို့က ပုန်းအောင်းနေကြတယ် တချို့တွေက command ပဲလှမ်းပေးနေတယ်လို့ ပြောနေတယ်ဆိုတာထက်စာရင် ကျမတို့က ပြည်သူလူထုရှေ့မှာ ခိုင်ခိုင်မာမာ၊ မားမားမတ်မတ်ရပ်တည်ပေးနေပါတယ်။ ကျမတို့ ဗဟိုအလုပ်သမားရေးရာအနေနဲ့လည်း အတူတကွ ရှိပါတယ်။ ကျမတို့က CDM လုပ်နေတဲ့ဝန်ထမ်းတွေရှေ့မှာတော့ သွားပြီးတော့ ဟောပြောတာတို့၊ ဦးဆောင်တာတို့ ခေါင်းဆောင်ဆိုတဲ့ အခန်ကဏ္ဍမှာတော့ ကျမတို့ကလုပ်ဖို့မသင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အားလုံးကခေါင်းဆောင်တွေဖြစ်ပါတယ်။ သူ့ဌာနအသီးသီးဟာ အားလုံးကတညီတညွတ်တည်းနဲ့ သူတို့ဘာသူတို့ ဦးဆောင်ပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဆောင်ရွက်နေလျက်ရှိတဲ့အရာကလည်း သူတို့ကိုယ်တိုင်က အများကြီးတွေးခေါ်မြော်မြင်နိုင်တဲ့အတွက် ဒီတခါတော့ ကျမတို့က စစ်အာဏာရှင်အောက်ကို ပြန်လည်ရောက်မယ်ဆိုလို့ရှိရင် ကျမတို့က စစ်ကျွန်ဘဝကရုန်းထွက်ဖို့ဆိုတာ မလွယ်ဘူးဆိုတာ သူတို့အသိနဲ့သူတို့ လုပ်ပါတယ်။ နောက်တခုက ၅ပုံ၁ပုံလောက်ကပဲ CDM မှာပါတယ် ကျန်တာတွေကျန်တယ်ဆိုတာ ကျမတော့အဲ့လိုမမြင်ပါဘူး၊ အင်အားအတော်များများက ပါလာပါတယ်။ မဖြစ်မနေ ဝန်ဆောင်မှုကို ဆောင်ရွက်နေတဲ့ ဥပမာ ATM စက်တွေထဲမှာ ပြည်သူလူထုငွေထုတ်နိုင်အောင်ဆောင်ရွက်ပေးနေတဲ့လူတွေကိုတော့ ကျမတို့က ခြွင်းချက်အနေနဲ့ ကျမတို့ လက်ခံထားပါတယ်။ တချို့ ယန္တရားတွေမှာကတော့ ဖိအားပေးလို့၊ မတရား နိုင့်ထက်စီးနင်းလုပ်တဲ့အတွက်သာ ရုံးဆင်းနေတာဖြစ်ပါတယ်။ ကျမတို့မှာ အထောက်အထားရှိပါတယ်။ ဒီလိုမတရားဖိအားပေးပြီး အလုပ်ဆင်းခိုင်းတာကလည်း ILO ရဲ့ပြဌာန်းချက်အရ မိမိဆန္ဒမပါဘဲ ခိုင်းတဲ့ကိစ္စမှန်သမျှ အဓမ္မမြောက်တဲ့အတွက် အဲဒီလိုအဓမ္မမြောက်တယ်ဆိုတာကို အလုပ်သမားတွေ သိဖို့လိုပါတယ်။ လက်ရှိ CDM တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုအခြေအနေတွေကို ကျမတို့ကြည့်မယ်ဆိုလို့ရှိရင် အများစုထွက်လာတယ်လို့ပဲ ကျမတို့မြင်ပါတယ်။

VOM- အခု CDM မှာမပါတဲ့လူတွေကို personal attack တို့၊ social punishment တို့တချို့လုပ်နေတဲ့အပေါ် အမရဲ့ ထင်မြင်ယူဆချက်လေးပြောပေးပါလား။
DESSN- ကျမကတော့ မပါခြင်းဟာ သူတို့ရဲ့ဆန္ဒဖြစ်တယ်၊ သူတို့ရဲ့သမိုင်းကို သူတို့ရေးတာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့သားသမီးတွေ၊ အနာဂတ်မျိုးဆက်တွေရဲ့ ဘဝတွေ ကျမတို့ကျော်ဖြတ်လာရတာထက် ပိုပြီးတော့ ဆိုးဆိုးရွားရွားဖြစ်စေချင်ရင် သူတို့မပါဘဲနေပေါ့။ အဲ့ဒီအပေါ်မှာ‌တော့ ကျမတို့က ဖိအားပေးပြီးတော့ Punish လုပ်တာမျိုးကိုတော့ ကျမတို့မှာ ရည်ရွယ်ချက်မရှိပါဘူး။ အသိတရားနဲ့ အတွေးအခေါ်အမြော်အမြင်ရှိဖို့တော့ ကျမတိုက်တွန်းချင်တယ်။ ဘာကြောင့်လဲဆိုတော့ စစ်အာဏာရှင်ရဲ့ဒဏ်ကို ကျမတို့က လှိမ့်ပြီးခံခဲ့ရတာဖြစ်တယ်။ အခုမှကျမတို့နိုင်ငံက အညွန့်လေးတက်မယ်ရှိသေးတယ်။ ဒါကို ရိုက်ချိုးဖျက်စီးခံလိုက်လို့ရှိရင် လုပ်ငန်းခွင်ကိုဝင်နေတဲ့သူတွေရဲ့ သားသမီးတွေအနာဂတ်မှာ ဘယ်လောက်ထိ ဒုက္ခရောက်မယ် ဘယ်လောက်ထိအန္တရာယ်များမယ်ဆိုတာကို အဲ့ဒီဝန်ထမ်းတွေ သုံးသပ်ဖို့လောက်ပဲပြောချင်ပါတယ်။

#VoiceOfMyanmar #VOM #NLDဗဟိုအလုပ်သမားရေးရာအဖွဲ့ #ဒေါ်အိရွှေစင်ညွန့် #CDM

Related posts

Leave a Comment

VOM News

FREE
VIEW