ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ရန်ကုန်မှာသေဆုံးသူ ၅ဦးအထိ ရှိလာ

ရန်ကုန်၊ မတ် ၁-၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းရာမှာ ကျည်ထိမှန် သေဆုံးခဲ့သူ ၅ဦးရှိကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကမာရွတ်မြို့နယ် လှည်းတန်း အ.ထ.က(၅) ရှေ့မှာ ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ရင်ဘတ်အောက်ဝမ်းဗိုက်အစပ်နား ကျည်ဖောက်ထွက်ကာသေဆုံးခဲ့ရသူမှာ ရွှေပြည်သာလှော်ကား ဈေပိုင်းမှာနေထိုင်တဲ့ အသက်၂၃နှစ်အရွယ် Network Engineerအလုပ်လုပ်ကိုင်တဲ့ ကိုညီညီအောင်ထက်နိုင်ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ကပဲ ရန်ကုန်တိုင်းပညာရေးမှူးရုံးအနီးမှာ ကျောင်းဆရာဆရာမတွေဦးဆောင်ပြီး ဆန္ဒပြနေတဲ့ ပညာရေးသပိတ်ကို ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းခဲ့ရာ လှိုင်သာယာ အမှတ်(၁၀)အခြေခံပညာအလယ်တန်းကျောင်းခွဲမှ အသက်၅၉နှစ်အရွယ်ရှိ အလယ်တန်းပြဆရာမ ဒေါ်တင်နွဲ့ရီဟာ လက်ကို ကျည်ထိမှန်ခဲ့ပြီး Heart Attack ဖြစ်ကာ သေဆုံးခဲ့ရပါတယ်။

အလားတူ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကမာရွတ်မြို့နယ် လှည်တန်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက အကြမ်ဖက်ဖြိုခွင်းခဲ့ရာ လှိုင်သာယာစက်မှုဇုန်ရှိ ဆပ်ပြာဆီစက်ရုံတွင် အလုပ်လုပ်နေတဲ့ အသက်၂၀နှစ်ရှိ မောင်ဇင်လင်းထက်မှာ မျက်လုံးသို့ကျည်ဆန်ထိမှန်ကာ သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ရက်နေ့ မနက်ပိုင်း သင်္ဃန်းကျွန်းမြို့နယ် စံပြဈေး ဘဝမြင့်မှတ်တိုင်အနီး ပစ်ခတ်နှိမ်နင်းမှုမှာ တောင်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၃နှစ်အရွယ်ရှိ မောင်ဟိန်းထွဋ်အောင်မှာ ဝမ်းဗိုက်ကို သေနတ်ထိမှန်သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၀ရက်နေ့ ညပိုင်းက ရွှေပြည်သာမြို့နယ် (တ)၁၅ ရပ်ကွက်မှာလည်း ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ရပ်ကွက်ကင်းစောင့်နေတဲ့ အသက် ၃၀အရွယ်ရှိ ကိုတင်ထွဋ်ဟိန်း သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့မှာ တပ်မတော်မှ အာဏာရယူပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ရန်ကုန်မှာ ဖေဖော်ဝါရီ ၆ရက်နေ့က စတင်ဆန္ဒပြခဲ့ရာ ဖေဖော်ဝါရီ ၂၈ရက်အထိ လူငါးဦးသေဆုံးခဲ့ပြီး ဆန္ဒပြသူ ရာဂဏန်းနဲ့ သတင်းရယူနေတဲ့သတင်းထောက် ၅ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး အချို့ကို ပြန်လွှတ်ပေးခဲ့ကာ အချို့ကိုတော့ အကျဉ်းထောင်ထဲမှာပဲ ထိန်းသိမ်းထားပါသေးတယ်။

#VoiceOfMyanmar #VOM #ရန်ကုန် #ဆန္ဒပြ #သေဆုံးသူ၅ဦး

Related posts

Leave a Comment

VOM News

FREE
VIEW