သတင်းမီဒီယာကောင်စီ ပြန်လည်ဖွဲ့စည်းရေးမှာ ပါဝင်မယ့်သူတချို့ရှိလာ

မန္တလေး-မတ်-၄-၂၀၂၁

Voice Of Myanmar

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှာ ကောင်စီဝင်အတော်များများ နုတ်ထွက်သွားလို့ ၂ ဦးတည်းကျန်တာမို့ ကောင်စီဝင်အဆိုပြုလွှာတွေ လျှောက်ထားဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြီးတဲ့အပတ်က ကြေငြာခဲ့ပါတယ်။

 

လက်ရှိအနေအထားမှာ နစအကောင်စီက လုပ်ဆောင်ဖို့ ဖိတ်ခေါ်ထားလို့ လက်ခံထားသူ ၄ယောက်ထွက်ပေါ်လာတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ သူတို့ ၄ယောက်ကတော့ ဦးခင်မောင်အေး( မြန်မာတိုင်းမ်၊ထရိတ်တိုင်းမ် အယ်ဒီတာဟောင်း)  ဒေါက်ထွေး(ဆေးမန်း)ခေါ်  ဒေါက်တာတင်မောင်ထွေး၊ မြင်းမူ မောင်နိုင်မိုး၊ မောင်စိမ်းနော်(လယ်ဝေး) တို့ဖြစ်ပါတယ်။

 

ဒီထဲက ဦးခင်မောင်အေးကို VOM က ဆက်သွယ်မေးကြည့်ထားတာကို တင်ပြပေးလိုက်ပါတယ်။

 

  ဦးခင်မောင်အေး

VOM: နောက်ဖွဲ့မယ့် MPC မှာ ဆရာစာရင်းတင်သွင်းထားတယ် ဆိုတာမျိုးကြားလို့ ဟုတ်လားဆရာ။

UKMA: ကျနော်က စာရင်းတင်သွင်းတာတော့ မဟုတ်ပါဘူး။ ကျနော့်ကို သူတို့က မေတ္တာရပ်ခံတာပေါ့။ မေတ္တာရပ်ခံတာတော့ အမှန်အတိုင်းလုပ်ရမှာပဲတဲ့ အစိုးရဘက်ကလည်း လိုက်ဖို့လည်းမလိုပါဘူးတဲ့ အဲ့လိုမျိုး သူပြောတာပေါ့နော်။ အဲ့ဒါလေး တတ်နိုင်သလောက် ကူညီပေးပါလားဆိုတော့ ကျနော်လည်း အားနာတာနဲ့ အင်း လုပ်တာပေါ့ အဲ့လိုတော့ ပြောလိုက်တာပေါ့ဆရာရယ်၊ ကျန်တာတော့ ကျနော်မသိသေးဘူး။

 

VOM: ဟုတ်ကဲ့ဆရာ၊ တကယ်ရော ကျနော်တို့ သတင်းမီဒီယာသမားတွေ ကာကွယ်ပေးဖို့တို့ သတင်းလွတ်လပ်ခွင့်တို့အတွက် လုပ်ဆောင်ရနိုင်လိမ့်မယ်လို့ ဆရာမျှော်လင့်လားခင်ဗျ။

UKMA: ကျနော်ကတော့ အဲ့လိုတော့ မျှော်လင့်ချက်တော့ နည်းနည်းတော့ရှိတာပေါ့ ဆရာရယ်။ ဒါကတော့ အခြေအနေအရ ဘယ်လိုတိုးတက်ပြောင်းလဲလာမလဲ‌တော့ မသိသေးဘူးပေါ့ဗျာ။ ကျနော်ကတော့ စဉ်းစားမိတာက ဒီလိုပါ၊ ကျနော်က ဒီမီဒီယာလောကထဲမှာ နှစ်လေးဆယ်လောက်ရှိပြီလေ။ ရှိတော့ လူတော်တော်များများနဲ့ ရင်းနှီးတယ်ပေါ့ ဆရာရယ်။ ဟိုတဖက်က ပုဂ္ဂိုလ်တွေနဲ့လည်း သိတယ်ပေါ့ဆရာရယ်။ နှစ်ဖက်သိတော့ဗျာ အဆင်များပြေမလားလို့ပေါ့ဆရာရယ်။ မီဒီယာလောကသားတွေအတွက် စဉ်းစားကြည့်တာပေါ့။ ကျနော့်ဆုံးဖြတ်ချက်က မှန်မမှန်တော့ ကျနော်လည်း အတိအကျတော့ မပြောနိုင်သေးဘူးပေါ့ဆရာရယ်။

 

VOM: တဖက်က ၂၉ယောက်လောက်စုရမှာဆိုတော့ ဆရာတို့လွယ်ပါ့မလား။

UKMA: ဆရာတို့ အဲ့ဒီဟာကတော့ဆရာ၊ အဲ့ဒီဟာကတော့ လူမပြည့်ဘူးလေ မပြည့်တော့ ကျနော်တွေ့တာတော့ ဘာလဲသူတို့ ၃ရက်နေ့ညနေ ၄နာရီပိတ်တယ်ဆိုပြီးတော့ သူတို့ ၂၇ရက်နေ့ထိ ရွှေ့လိုက်တယ်လို့တော့ ပြောတယ်ဆရာ။ လျှောက်လွှာတင်တဲ့လူမရှိလို့နေမှာပေါ့။ ကျနော်တို့ကကျတော့ ရွေးမဟုတ်ဘူးဆရာ၊ ခန့်တဲ့ထဲပါတာ။

 

VOM: Selected ပေါ့။

UKMA: အင်း selected ထဲပါတော့ ကျနော်ရယ်၊ ဒေါက်ထွေး(ဆေးမန်း)ရယ်၊ မြင်းမူမောင်နိုင်မိုးရယ်၊ နောက်ပြီးတော့ မောင်စိမ်းနော်(လယ်ဝေး)ရယ် လေးယောက်ပေါ့။

 

VOM: ဒေါက်ထွေး(ဆေးမန်း)ဆိုတာဆရာတင်မောင်ထွေးကိုပြောတာလားဗျ။

UKMA: ဟုတ်တယ်ဗျ ဆရာတင်မောင်ထွေးပါ။

 

VOM: အဲ့ဒီလေးယောက်က selected ပေါ့နော်။

UKMA: ဟုတ်တယ်ဗျ selected။ ဆရာတို့ရော ဝင်မလုပ်ဘူးလား။ ဝင်လုပ်သင့်တယ်နော်။ ကိုယ်လုပ်မှ ကိုယ်ကယ်နိုင်မှာနော်ဆရာ။

 

VOM: မြန်မာတိုင်းမ်မှာ အယ်ဒီတာဘယ်နှစ်နှစ်လုပ်ခဲ့တာလဲဆရာ။

UKMA: ခြောက်နှစ်ဆရာ။ ၂၀၀၀ ကနေ ၂၀၀၆ ပေါ့။ ကျနော်ဒုချုပ်ပေါ့နော် ဒုတိယအယ်ဒီတာချုပ်။

 

VOM: အခု ဆရာတို့အောင်မြင်မယ်လို့ မျှော်လင့်လားဆရာ။

UKMA: ဒီဟာတော့ ကျနော်လည်း ပွင့်ပွင့်လင်းလင်းပြောရင် အောင်မြင်မယ် မအောင်မြင်ဘူးလို့တော့ အဲ့လိုကြီးတော့ မပြောရဲဘူးပေါ့။ ကြိုးစားကြည့်ချင်တာပေါ့။ ဘာလို့တုန်းဆို ကျနော်က နှစ်ဖက်လုံးနဲ့တော့ သိနေတော့လေ။ မစိမ်းဘူးပေါ့ဆရာရယ်။ မီဒီယာတွေအားလုံးက ကျနော်နဲ့ မစိမ်းဘူးလေ။ တခုပဲရှိတာက ကျနော်က လမ်းသိပ်မထွက်တော့ ကျနော့်ကိုတော့ တချို့ကတော့ လူမြင်ရင်တော့ သိမှာပေါ့နော်။ နာမည်ကြားရုံနဲ့၊  ကျနော်က အပြောင်းအရွှေ့လည်းများတယ်၊ များတော့ ဘယ်ရောက်နေလဲဆိုတာ မမှတ်မိတာ ဖြစ်ရင်ဖြစ်မှာပေါ့။ ကျနော်ကတော့ အကောင်းဆုံးတော့ ကြိုးစားကြည့်ချင်တာပေါ့ဆရာရယ်။ ကိုယ့်မီဒီယာဘက်တော်သားတွေ ဒုက္ခရောက်တာကိုလည်း ကျနော်က ကယ်တင်ချင်တာပေါ့နော်။ နောက်ပြီးအစိုးရကိုလည်း ရသလောက် ကိုယ်နဲ့ရင်းနှီးတဲ့လူတွေလည်း ပါတာကိုဆရာရယ်။ ကျနော်က အမှန်အတိုင်းပြောရင် ကျူရှင်ဆရာ ဆရာရယ်။ ကျူရှင်ဆရာဆိုတော့ တပည့်တပန်းတော့ ပေါတာပေါ့လေ။ ပေါတော့ မျှော်လင့်ကြည့်တာပေါ့ဆရာရယ်။ မဖြစ်နိုင်တဲ့အဆုံးတော့ မတတ်နိင်ဘူးပေါ့။ ကြိုးစားကြည့်တာပေါ့။

 

ဦးခင်မောင်အေးဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၂ အနေနဲ့ အလုံမြို့နယ်ကနေ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတဦးဖြစ်ပါတယ်။

 

NLD  ပါတီအာဏာရပြီးနောက်ပိုင်းမှာ ဖွဲ့စည်းထားတဲ့ သတင်းမီဒီယာကောင်စီမှာ  ၂၉ ယောက်နဲ့ဖွဲ့ခဲ့ပြီး အားလုံးနီးပါးထွက်ခဲ့ပြီး သိပွံပညာရှင်ကိုယ်စားလှယ်အဖွဲ့က ဒေါက်တာမျိုးသန့်တင်နဲ့ ပုံနှိပ်လုပ်ငန်းရှင်များအဖွဲ့က ဦးမင်းဟန်တို့ပဲ လက်ရှိမှာ ကျန်နေဖြစ်ပါတယ်။

 

NLD လက်ထက်မှာဖွဲ့စည်းထားတဲ့ ဒုတိယအကြိမ်ကောင်စီမှာ ဘယ်လိုပြင်ဆင်ဖွဲ့စည်းမှာလဲလို့ လက်ရှိ ဒုဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဒေါက်တာမျိုးသန့်တင် ကိုဆက်သွယ်မေးကြည့်တော့

 

Dr Myo Thant Tin

“ လက်ရှိကောင်စီမှာ ဆန္ဒအရ ထွက်သွားလို့ ၁၅ ယောက်အောက် လျော့သွားတယ်လေ ဒုတိယသက်တန်းမကုန်ခင် အစားထိုးမယ့်ကောင်စီဝင် ၄ယောက်ရပြီ ကျနော်တို့သက်တမ်းက စက်တင်ဘာမှာကုန်မယ် ၊ ပြည့်အောင် တိုးချဲ့ဖွဲ့စည်းမှာပါ၊ ၁၅ယောက်ထက်လည်း ပိုချင်ပိုသွားနိုင်မှာတယ်။ ခုလတ်တလော မီဒီယာသမားတွေဖမ်းခံရတဲ့ကိစ္စတွေလည်း ကျနော်တို့ဆီကို အရင်ပုံစံအတိုင်း တိုင်ကြားဆက်သွယ်လာရင် လတ်တလောမီဒီယာကောင်စီက ချက်ချင်းလုပ်ရမှာဆိုတော့ ကွန်ပလိန်းပရော့ဆက်နဲ့သွားတာပေါ့၊  ဒီလိုတင်ပြီး ရတာနဲ့ ဆက်လုပ်တာပေါ့ အရေးပေါ်ကေစ်ဆိုတော့လည်း ဖျက်ပျက်မှုမြန်တော့ လိုက်မမှီနိုင်တာတွေရှိပါတယ်။  လုပ်ပေးပါဆိုရင် အရင်ပုံစံအတိုင်းလုပ်ပေးနေပါတယ်။ ရက် ၆၀ အတွင်းပြီးအောင်လုပ်ရမယ်ဆိုတဲ့အတိုင်းလုပ်နေပါတယ်။ ရင်းနှီးပြီးသားလူတွေဆိုရင်  သက်ဆိုင်သူတွေကိုချိတ်ဆက်ပြောမယ် ဖြန်ဖြေကူညီမယ် ခုဖမ်း မနက်ဖြန်လွတ်ဖို့ဆိုတာကတော့အရမ်းကပ်တော့ ခက်တော့ခက်တာပေါ့ ၊ ရဲတို့ တပ်တို့တိုက်ရိုက်ပြောလို့ရရင် တိုက်ရိုက်ပြောဆို ဆက်သွယ်ကူညီမှာပါ”  လို့ ဆိုပါတယ်။

 

မီဒီယာကောင်စီမှာ ၂၉ ယောက်နဲ့ဖွဲ့စည်းပြီး အနည်းဆုံး ၁၅ ယောက်ရှိမှ ဆက်လက်ရှင်သန်လို့ ရမှာမို့  ကောင်စီကိုဖွဲ့ပြီးရင် သမ္မတရဲ့ အသိအမှတ်ပြုမှုလိုဦးမှာဖြစ်ပါတယ်။  သမ္မတမရှိရင် မီဒီယာကောင်စီဆိုတာ ဖြစ်မလာနိုင်ဘူးလို့လည်း မီဒီယာကောင်စီဝင်ဟောင်းတွေက ဆိုကြပါတယ်။

 

#voiceofmyanmar #VOM #သတင်းမီဒီယာကောင်စီ

 

Related posts

Leave a Comment

VOM News

FREE
VIEW