ပြည်သူတွေကို လက်နက်ကိုင်နှိမ်နှင်းမှု တိုင်းသိပြည်သိ အရှက်ကွဲခြင်းလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဝေဖန်

စင်ကာပူ၊ မတ်-၅-၂၀၂၁
မျိုးဆက် (VOM)

မြန်မာနိုင်ငံမှာ ဆန္ဒပြပြည်သူတွေကို လက်နက်တွေ အသုံးပြုနှိမ်နှင်းနေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်ဟာ တိုင်းသိပြည်သိ အရှက်ကွဲခြင်းလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဒီနေ့မှာ ပြောဆိုလိုက်ပြီး မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေတွေကို ငြိမ်းချမ်းစွာ အဖြေရှာဖို့သူက တိုက်တွန်းလိုက်ပါတယ်။

ဘယ်နိုင်ငံက စစ်တပ်ပဲဖြစ်ဖြစ် သေနတ်ပြောင်းကို ကိုယ်ပြည်သူဘက်လှည့်လိုက်တာဟာ အကြီးမားဆုံးသော တိုင်းသိပြည်သိ အရှက်ကွဲမှုပဲလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကပြောဆိုလိုက်ပြီး အရပ်သားတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုနဲ့ပတ်သက်ပြီး စင်ကာပူအနေနဲ့ အလွန်ထိတ်လန့်တုန်လှုပ် မိတယ်လို့ဆိုပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ နေ့စဉ်ဆက်သွယ်ဆွေးနွေးမှုတွေပြုနေတယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းလိုက်ပြီးနောက် ဆန္ဒပြပွဲအတွင်းမှာ လူ ၅၄ ဦးသေဆုံးသွားပြီး သတင်းသမား ၂၉ ဦးအပါအဝင် လူ ၁၇၀၀ ကျော်ဖမ်းဆီးခံထားရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာဆီယံအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာစစ်ဘက်ကခန့်အပ်ထားတဲ့ ကိုယ်စားလှယ်တစ်ဦးနဲ့အတူ ယခုသီတင်းပတ်အစောပိုင်းမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

စင်ကာပူနိုင်ငံဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံနိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးရေး တောင်းဆိုနေတဲ့အာဆီယံနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။

အာဆီယံဟာမြန်မာနိုင်ငံမှာ ပြန်လည်တည်ငြိမ်ရေးနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍနေ ပါဝင်နေပေမယ့် မြန်မာနိုင်ငံက အခြေအနေတွေအပေါ် ဘယ်လိုနိုင်ငံတကာဖိအားမျိုးမဆို အကန့်အသတ်ရှိတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်ကာလကိုပြန်ကြည့်မယ်ဆိုရင် မြန်မာစစ်ဘက်ခေါင်းဆောင်တွေဟာ စီးပွားရေးအရေးယူပိတ်ဆို့မှုတွေကို မတုန့်ပြန်ခဲ့သလို ကိုယ်ကျင့်တရားဆိုင်ရာကိစ္စတွေအပေါ် ဝေဖန်မှုတွေကိုလည်း တုန့်ပြန်ခဲ့တာမရှိဘူးလို့ သူကထောက်ပြပါတယ်။

အာဆီယံ ပဋိညာဉ်နဲ့ လူ့အခွင့်အရေးကြေညာစာတမ်းဟာ မရှိမဖြစ် အရေးပါပေမယ့် စစ်ခေါင်းဆောင်တွေရဲ့အပြုအမူတွေကို သိသိသာသာပြောင်းလဲဖို့ မလုံလောက်ဘဲ ပြောင်းလဲဖို့အဓိက သော့ချက်က မြန်မာပြည်တွင်းမှာပဲရှိတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကသုံးသပ်ပြောဆိုပါတယ်။

Ref : Times
Photo: Reuters
#VoiceOfMyanmar #VOM #စင်ကာပူနိုင်ငံခြားရေးဝန်ကြီး #ဝေဖန်

Related posts

Leave a Comment

VOM News

FREE
VIEW