ဧရာဝတီတိုင်း မြို့နယ် ၁၁ မြို့နယ်မှာ ဖမ်းဆီးဖြိုခွင်းမှုတွေရှိပေမယ့် ဆက်လက် ဆန္ဒထုတ်ဖော်

ပုသိမ်၊ မတ် ၅-၂၀၂၁
စပ်ခွန်သာ(VOM)

ဧရာဝတီတိုင်း မြို့နယ် ၁၁ မြို့နယ်မှာ အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုတွေကို အကြမ်းဖက် ဖြိုခွင်းတာ ရှိပေမယ့် ဒီနေ့ မတ်လ ၅ ရက်အထိ ဆက်လက် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်နေကြပါတယ်။

ဆန္ဒထုတ်ဖော်တာကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဝန်ထမ်းတွေက ဦးဆောင်ကာ၊ ပုသိမ်၊ ပန်းတနော်၊ ဟင်္သာတ၊ မအူပင်၊ ကျိုက်လတ်၊ ညောင်တုန်း၊ ငါးသိုင်းချောင်း၊ ဘိုကလေး၊ ဖျာပုံ၊ ကန်ကြီးထောင့်၊ ဝါးခယ်မစတဲ့ မြို့နယ်တွေမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။

ဆန္ဒဖော်ထုတ်တာမှာပါဝင်ခဲ့တဲ့ ကျောင်းဆရာတစ်ဦးက “စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပါတယ်။ လူထုခေါင်းဆောင် အမေစုနဲ့ မတရားအဖမ်းခံထားရတဲ့ သူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သာ ကျွန်တော်တို့ရဲ့ တရားဝင်လူထုရွေးချယ်ထားသော သမ္မတ တစ်ဦးဖြစ်ပါတယ်။ မတရားဖမ်းဆီးရိုက်နှက် ဖြိုခွင်းနေပေမယ့် မကြောက်ပါဘူး။ မနှစ်သက်တဲ့ အုပ်ချုပ်မှုထက် သေတာကမြတ်ပါတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း မတ်လ ၅ ရက်အထိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကြောင့် ပုသိမ်မြို့တွင် ၃၀ ဦး၊ မော်လမြိုင်ကျွန်းမြို့တွင် ၄ ဦး၊ ဖျာပုံမြို့တွင် ၄ ဦး၊ ကျိုက်လတ်မြို့တွင် ၃ ဦး၊ မအူပင်မြို့တွင် ၆ ဦး၊ သာပေါင်းမြို့တွင် ၂ ဦး ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။

#VoiceOfMyanmar #VOM #ဧရာဝတီတိုင်းမြို့နယ်၁၁မြို့နယ် #ဆန္ဒဖော်ထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW