မြိုင်မြို့ ဆန္ဒပြသပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွဲခံရလို့ ၆ ဦးသေ

မတ် ၁၁-၂၀၂၁
KTG

မကွေးတိုင်း၊ ပခူက္ကူခရိုင်၊ မြိုင်မြို့ ရဲစခန်းအနီးမှာ ဒီနေ့ မတ်လ ၁၁ရက်နေ့ မနက် ၁၀ နာရီက ဆန္ဒပြသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲခဲ့အတွက် ဆန္ဒပြပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၇ ဦးထက်မနည်း ဒဏ်ရာရရှိကာ ၂ ဦး ဖမ်းဆီးခံရတယ်လို့ လူမှုကူညီရေး အသင်းကနေ သိရပါတယ်။

အဲ့ဒီ သေနတ်ထိမှန် သေဆုံး၊ ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ပေးနေတဲ့ နိဗ္ဗာန်ရွှေပြည် လူမှုကူညီရေး အသင်းက စေတနာ့ဝန်ထမ်း တစ်ယောက်က “သေနတ်အသံတွေကြားရပြီး တခဏအတွင်းမှာ အကူညီပေးဖို့ ဖုန်းဆက်တယ်။ အဲ့ဒါကြောင့် ကူညီပေးဖို့သွားခဲ့တယ်၊ အစကတော့ ၁ ယောက်သေတယ်၊ သူကတော့ အမှတ် ၁ ထန်းငယ်တောရွာက ကိုသက်ဇော်ဦး အသက် ၃၈ နှစ်ဖြစ်တယ်။ ထိမှန်သူတွေကများတော့ ရရှိဒဏ်ရာနဲ့ သေဆုံးသူတွေကလည်းများလာတယ် အခုဆို ၆ ယောက်ရှိပြီ။ စိုးရိမ်ရတဲ့ နောက် ၁ ယောက်ကိုလည်း မုံရွာကိုပို့နေတယ်”လို့ ပြောပါတယ်။

ဒီမနက် မြိုင်မြို့ရဲ့ ဆန္ဒပြသပိတ်စစ်ကြောင်း ဖမ်းခံရတဲ့ လူငယ် ၂ ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရင်း အခုလို ပစ်ခတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ရာရ၊ သေဆုံး၊ ဖမ်းဆီးခံရသူ အရေအတွက် အတည်ပြုနိုင်ဖို့ မြိုင်မြို့ရဲစခန်းကို VOM က ဆက်သွယ်ခဲ့ပေမယ့် တစုံတရာ ပြောကြားတာမရှိပါဘူး။

ဓာတ်ပုံ-နိဗ္ဗာန်ရွှေပြည် လူမှုကူညီရေး၊ NLP
#VoiceOfMyanmar #VOM #မြိုင်မြို့ #သေဆုံး #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW