ပဲခူးသပိတ် ပစ်ခတ်ဖြိုခွဲခံရလို့ ၁ ဦးသေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရ

မတ် ၁၄-၂၀၂၁
KLY(VOM)

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်က သပိတ်စစ်ကြောင်းတွေကို ဒီနေ့ မတ်လ၁၄ရက်နေ့ မနက် ၉ နာရီကျော်လောက်က စတင်ပြီး စစ်တပ်နဲ့ရဲအင်အားအလုံးအရင်းနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြသူတဦး သေနတ်ကျည်ဆန်ထိမှန် သေဆုံးခဲ့ပြီး ဆယ့်လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ လူမှုကူညီရေးအသင်းတွေကနေ သိရပါတယ်။

သေဆုံးသူဟာ ပွင့်ဖြူစိုက်ပျိုးရေးသိပ္ပံကျောင်းဆင်းတစ်ဦးဖြစ်တဲ့ အသက် ၂၀ကျော်အရွယ်ရှိ ကိုထက်နိုင်ရှိန်းလို့ ကနဦး စုံစမ်းသိရှိရပါတယ်။

“ပုဏ္ဍားစုရပ်ကွက် မှော်ကန်ထဲမှာမနက်ကတည်းက ပစ်ခတ်ဖြိုခွင်းနေတာပါ။ ကျဆုံးသွားတဲ့ ညီလေးက မှော်ကန်အနီးမှာပစ်ခတ်ခံရတာဖြစ်ပြီး မနက် ၁၁ နာရီကျော်မှာဆုံးသွားတယ်။ နောက်ကနေ ပစ်ခံလိုက်ရတော့ ရှေ့ရင်ဘက်ကို‌ ပေါက်ထွက်သွားတယ်။ စိုက်သိပ္ပံကဆင်းထားတာ မကြာသေးဘူးလို့သိရတယ်” လို့ ပဲခူးမြို့ မာတလိလူမှုကူညီရေးအသင်းက အမျိုးသားတစ်ဦးကပြောပြပါတယ်။

“ပုဏ္ဍားစု ၅ လမ်းမှာ တပ်နဲ့ရဲတွေ ပိတ်ဆို့ပစ်ခတ်ချိန်ထိတော့ ကောင်လေးက ကျွန်တော့်ဘေးကပါ။ သိပ်ကြာဘူးမှော်ကန် ၁၇ လမ်းဘက်ကို အလုံးရင်းနဲ့ ပစ်ခတ်နေကြသံကြားလိုက်ရတာပါ” လို့ ပုဏ္ဍားစုရပ် သပိတ်ဖြိုခွင်းခံရစဥ် လိုက်ပါလာသူတစ်ဦးက ပြောပြပါတယ်။

ပဲခူးသပိတ်တွေ ဖြိုခွဲခံရမှုကြောင့် ခုချိန်ထိ သေဆုံးသူ ၄ဦး ရှိပြီ ဖြစ်ပါတယ်။

ဓါတ်ပုံ-MM

#VoiceOfMyanmar #VOM #ပဲခူး #သပိတ် #ဖြိုခွဲ #သေဆုံး #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW