မြန်မာ့အရေးနဲ့ပတ်သက်ပြီး မူဝါဒပြောင်းလဲတုန့်ပြန်ဖို့ ဂျပန်အစိုးရ စဉ်းစားနေ

တိုကျို၊ မတ် ၁၅ -၂၀၂၁
မျိုးဆက် (VOM)

မြန်မာနိုင်ငံမှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဂျပန်အစိုးရက စောင့်ကြည့်နေကာ လက်ရှိဖြစ်ပွားနေသည့်အခြေအနေတွေအပေါ် ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာကို စဉ်းစားနေကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ကတ်ဆူနိုဘူကာတိုက မတ် ၁၅ ရက်မှာပြောပါတယ်။

ဂျပန်အစိုးရအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ တုန့်ပြန်မှုတွေကို ထည့်သွင်းစဉ်းစားပြီး မြန်မာနိုင်ငံနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုစောင့်ကြည့်ကာ မူဝါဒဆိုင်ရာတွေကို ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာကို စဉ်းစားနေတယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနဲ့ ဒီမိုကရေစီတောင်းဆိုတဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းမှုတွေကြောင့် မြန်မာနိုင်ငံကို လက်နက်ရောင်းချတာတွေပိတ်ပင်လိုက်ပြီး ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းသွားမယ်လို့ တောင်ကိုရီးယားက ထုတ်ပြန်လိုက်ပြီးနောက် ဂျပန်အစိုးရရဲ့ မြန်မာ့အရေးအပေါ် မူဝါဒပြောင်းလဲဖို့ ထွက်ပေါ်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေမှာ မတ် ၁၅ ရက်မှာတော့ ဆန္ဒပြသူ ၃၈ ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချထားပြီး မြန်မာစစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေကို အီးယူနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံအများစုက အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #တိုကျို #မြန်မာ့အရေး

Related posts

Leave a Comment

VOM News

FREE
VIEW