ဆန္ဒပြလာတဲ့ကားကို သေနတ်နဲ့ပစ်ခတ်တားဆီးခဲ့လို့ ၁ ဦး သေဆုံးပြီး၂၀ ဖမ်းခံရ

မုံရွာ-မတ် ၁၆ ၊ ၂၀၂၁
KTG(VOM)

စစ်ကိုင်းတိုင်း မုံရွာမြို့ ၊ ရွာတုံကျေးရွာအနီး ကျောက္ကာလမ်းမကြီးပေါ်မှာ မနေ့ မတ် ၁၅ ရက် ၁၂ နာရီက ဆန္ဒပြလာတဲ့ ကားတစ်စီးကို လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်တားဆီးခဲ့တဲ့အတွက် လူ ၁ ဦး သေဆုံးခဲ့ရပြီး လူ ၂၀ ဦး ဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကသိရပါတယ်။

အရာတော်မြို့နယ် ဝါးတန်ကျေးရွာအုပ်စုက ပြည်သူတွေဟာ မုံရွာမြို့ ရွှေဇလုတ်ရပ်ကွက် ကျောက္ကာလမ်း ဆွမ်းအုပ်အဂိုင်းမှာ လာရောက်စုဝေး ဆန္ဒပြအပြီး အပြန် လမ်းမှာ လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်နှိမ်နင်း ဖမ်းဆီးခြင်းကို ခံရတာဖြစ်ပါတယ်။

ကိုယ်တိုင်ခံရသူ တစ်ယောက်က ” ဒါဘယ်ကပ် ရဲကားက နောက်ကလိုက်လာပြီး ကားရှေ့ခန်းကို ပစ်တာဖြစ်တယ် “လို့ ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် ဆန္ဒပြလာတဲ့ ကားမောင်းသူ ကိုဖိုးဇော် အရာတော်မြို့နယ် ဆည်ကြီးတောရွာ နေထိုင်သူဟာ သေနတ်ကျည်ဆံ ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

” သေနတ်သံတွေကြားလို့ ရွာထဲက လူတွေထွက်ကြည့်တဲ့အခါ ရဲတွေက မဆိုင်တဲ့သူတွေ မကပ်နဲ့ နောက်ဆုပ်လို့ပြောတယ် ၊ ကားပေါ်က ခုန်ချဆင်းပြေးတဲ့ လူတွေကို လိုက်ဖမ်းတယ် “လို့ ရွာတုံကျေးရွာ ဒေသခံ တစ်ဦးက VOM ကို ပြောပြပါတယ်။

ဒါ့အပြင် အဲ့ဒီ ကားပေါ်မှာ လိုက်ပါလာခဲ့သူတွေဟာ အနီးအနားက ယာခင်းတွေထဲကို ထွက်ပြေးတာမှာ ရဲတွေက လိုက်လံ ဖမ်းဆီးတဲ့အတွက် အရာတော်မြို့နယ် ဝါးတန်းကျေးရွာက အမျိုးသား(၃) ဦး၊ တောင်ရိုးကျေးရွာက အမျိုးသား (၅)ဦး ၊ ဆည်ကြီးတောကျေးရွာက အမျိုးသား (၉)ဦးနဲ့ ကျောက်စရစ်ကန်ကျေးရွာက အမျိုးသား (၃) ဦး အားလုံး လူ ၂၀ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ ဆန္ဒပြ သပိတ် စစ်ကြောင်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ကျည်စစ် ကျည်မှန်ကို အသုံးပြုပြီး သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် ဒီလ ၁၅ ရက်အတွင်းမှာ မုံရွာမှာ ၁၀ ယောက်နဲ့ ကလေးမြို့မှာ ၃ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ရာနဲ့ချီရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရွာတုံဒေသခံ တစ်ဦး

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW