မြောက်ဦးက စစ်ဘေးရှောင်စခန်း​ကြီး မီးလောင်မှု ကလေး ၃ ဦး ပျောက်ဆုံးပြီး အဆောင်တွေအကုန်နီးပါး မီးလောင်ပျက်စီး

မတ် ၁၇- ၂၀၂၁
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခု မီးလောင်နေကြောင်းနဲ့ စစ်ရှောင်စခန်းက ကလေးငယ် (၃) ယောက်ခန့်ပျောက်ဆုံးနေကြောင်း မြောက်ဦးလူမှုကူညီရေးအသင်းရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

ဒီကနေ့ ညနေပိုင်း ၈ နာရီလောက်က စတင်ကာ ​မြောက်ဦးမြို့နဲ့ ၇ မိုင် အကွာရှိ တိမ်ညိုစစ်ဘေးရှောင်စခန်းကို မီးလောင်မှုဖြစ်ပွားတာဖြစ်ပြီး စခန်းရှိ အဆောင်ပေါင်း (၆၀၀) လောက်ရှိတဲ့အနက် (၃၀) လောက်သာကျန်ခဲ့ ကြောင်း သိရပါတယ်။

မြောက်ဦးမြို့နယ်ရှိ နာရေးအရေးပေါ်ကူညီဆောင်ရွက်ပေးနေတဲ့ ကရုဏာလှိုင်းအသင်း ဥက္ကဌ ကိုအောင်သန်းထွန်းက” ကျနော်တို့ အရေးပေါ်ကားတွေနဲ့ အခုရောက်နေပါပြီ။ အိမ်ခြေက (၆၀၀) လောက်ရှိတာ ၅၀၀ ကျော်လောက်ပါသွားတယ်။ လေကလည်း တဟုန်ထိုးတိုက်တော့ အားလုံးပါသွား တာပါ။ ထိခိုက်ဒဏ်ရာရတဲ့လူတော့ မရှိသေးဘူး။ ဒါပေမယ့် ကလေး (၃) ယောက်လောက် ပျောက်နေတယ်လို့ ကြားတယ်။” လို့ ပြောပါတယ်။

မြောက်ဦးမြို့ပေါ်က နာရေးကူညီမှုအသင်း ကရုဏာလိုင်းနဲ့အတူ မီးသတ်ကား (၂) စီးပါရောက်ရှိနေကြောင်းနဲ့ လက်ရှိမှာ မီးငြိမ်းသွားပြီလို့ သိရပါတယ်။

အဲဒီ စစ်ဘေးရှောင်စခန်းက အဆောက်အဦးတွေဟာ ဓနိမိုး၊ ဝါးထရံကာ၊ ပလစ်စတစ်ကာ အမျိုးအစားတွေဖြစ်ကြောင်း သိရပါတယ်။
တိမ်ညို စစ်ဘေးရှောင်စခန်းဟာ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ စစ်ဘေးရှောင်စခန်းကြီးတစ်ခုဖြစ်ပြီး လူဦးရေအားဖြင့် (၃၀၀၀) ကျော်လောက်ရှိကြောင်း သိရပါတယ်။

ပုံစာ မီးမလောင်ခင်က တိမ်ညိုစစ်ဘေးရှောင်စခန်း

#voiceofmyanmar #VOM # မြောက်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW