The Voice နဲ့ DVB အလွတ်သတင်းထောက် ဇနီးမောင်နှံ ဖမ်းဆီးခံရပြီး တစ်ပတ်ကြာချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေး

မတ် ၂၂-၂၀၂၁
KLY(VOM)

ပြီးခဲ့တဲ့ မတ်လ ၁၆ရက်နေ့ညက နေအိမ်မီးကွင်းပစ်ခံရတဲ့ သတင်းသွားရောက်ယူဆောင်ရာမှ ဖမ်းဆီးကာ ပုဒ်မ ၄ ခုနဲ့ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ The Voice Daily သတင်းဌာနရဲ့ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်၊ အလွတ်သတင်း‌ထောက်နဲ့ ဇနီးဖြစ်သူ DVB သတင်းဌာန အလွတ်သတင်းထောက်တို့ ဒီနေ့အထိ မိသားစုနဲ့တွေ့ခွင့်မရသေးဘူးလို့ သမီးဖြစ်သူကနေ သိရပါတယ်။

“အဖေက အခင်းဖြစ်ညက သတင်းယူဖို့ ထွက်သွားတာ ဖမ်းဆီးခံရတယ်ကြားချိန် မိသားစုလိုက်သွားတော့ အမေ့ကိုပါ ထပ်ဖမ်းတယ်။ သမီးတို့ ညီအမကိုတောင် ၁၈၈ နဲ့ဖမ်းကွာအော်တာ၊ စခန်းကရဲအရာရှိက တားဆီးခဲ့လို့လွတ်တာ။ အခုအဖေနဲ့အမေကို အင်းစိန်းထောင်မှာပို့ထားတယ်လို့ ကြားရပေမယ့် ခုထိတွေ့ခွင့်မရသေးဘူး” လို့ သမီးဖြစ်သူက ပြောပါတယ်။

အဲ့ဒီနေ့ ညက The Voice Daily သတင်းဌာနရဲ့ အလွတ်သတင်းထောက် ဦးမင်းမင်းအောင်ဟာ ဥက္ကံမြို့ ပြည်-ရန်ကုန်လမ်းပေါ်က အမျိုးသားတစ်ဦးပိုင်‌နေအိမ်ကို မီးကွင်းပစ်တယ်ဆိုတဲ့ သတင်းရလို့ အခင်းဖြစ်နေရာကို သွားရောက်သတင်းယူရာမှ သတင်းထောက်ဖြစ်သူရဲ့လွယ်အိတ်ထဲမှ မီးခြစ်နဲ့ ဂတ်စ်ဘူးငယ် စစ်ဆေးတွေ့ရှိတယ်ဆိုပြီး ဖမ်းဆီးခဲ့တာလို့ မိသားစုဝင်တွေဆီက သိရပါတယ်။

သတင်းထောက် ဦးမင်းမင်းအောင်ရဲ့ ဖမ်းဆီးခံသတင်းကိုကြားသိရတဲ့ ဇနီးဖြစ်သူ DVB သတင်းဌာနရဲ့အလွတ်တန်းသတင်းထောက် ဒေါ်မေသွယ်အောင်နဲ့သမီးနှစ်ဦး ရဲစခန်းကိုလိုက်ပါသွားခဲ့ရာမှ ဒေါ်မေသွယ်အောင်ကိုလည်း ထပ်မံဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်ခဲ့တာလို့ သိရပါတယ်။

သူ့မိသားစုကို လိုအပ်တာတွေ ကူညီထောက်ပံ့ပေးဖို့ လုပ်နေပါတယ် လို့The Voice Daily သတင်းစာမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဦးမင်းမင်းအောင်ကို ဥက္ကံမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၁၁၄/၄၃၆/၃၃၂ နဲ့အမှုဖွင့်လှစ်ထားပြီး ဒေါ်မေသွယ်အောင်ကို ပုဒ်မ၁၈၈နဲ့ အမှုဖွင့်ထားတယ်လို့ ကနဦးသိရပြီးအထဲမှာ ရိုက်နှက်ခံထားရတယ်လို့ မိ
သားစုဝင်တွေက ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့ကနေ ဒီနေ့အထိ သတင်းထောက် အယောက် ၃၀ကျော်ဟာ သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရသလို့ ၁၀ဦးကျော်ကတော့ ပုဒ်မ ၅၀၅(က)အပါအဝင် ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရပါတယ်။

#VoiceOfMyanmar #VOM #သတင်းထောက် #ဖမ်းဆီး #တရားစွဲဆို #ဦးမင်းမင်းအောင် #ဒေါ်မေသွယ်အောင်

Related posts

Leave a Comment

VOM News

FREE
VIEW