မန္တလေးမြို့မှာ မနက်အစောပိုင်း အိမ်ခြေ ၄၀ မီးလောင်မှုကို ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးခြင်းမရှိ

မတ် ၂၈ -၂၀၂၁
VOM

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆(C)လမ်းနဲ့ ပျူစောထီးလမ်း(၁၁၇)လမ်းဒေါင့်မှာ ဒီကနေ့ မတ်၂၈ရက် မနက် ၂နာရီအချိန်က အိမ်ခြေ ၄၀ မီးလောင်မှုဖြစ်ပွားတဲ့နေရာကို မီးသတ်တပ်ဖွဲ့ကသာ လာရောက် မီးငြိမ်းသတ်ခဲ့ပြီး ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးတာ မရှိခဲ့ဘူးလို့ မီးသတ်တပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

” မီးလောင်မှုဖြစ်စဉ်တစ်ခုဖြစ်ရင် ရဲတပ်ဖွဲ့ကတော့ လာရတယ်၊ မီးလောင်မှုအကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကို မီးသတ်အရာရှိက တွက်ချက်ရတယ်၊ အမှုဖွင့်ဖို့ (ပ)နံပါတ်ထွက်ဖို့နဲ့ သက်သေခံပစ္စည်းသိမ်းဖို့အတွက် ရဲကပဲလုပ်ရတာဖြစ်တယ်”လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကပြောပါတယ်။

အဲ့ဒီမီးလောင်မှုဖြစ်စဉ်ကိုတော့ မီးရှို့မှုကြောင့် မီးစတင်လောင်ကျွမ်းတယ်လို့ မီးသတ်တပ်ဖွဲ့က သုံးသပ်ထားပြီး မီးလောင်မှုကြောင့် ၂၀ပေ× ၁၅ပေ ထရံကာ၊သွပ်မိုး၊မြေစိုက် ကျူးတဲ (၁၅)လုံးနဲ့ ၁၀ပေ×၁၀ပေ ထရံကာ၊သွပ်မိုး၊မြေစိုက် ကျူးတဲ(၂၅)လုံး စုစုပေါင်းတန်ဖိုးငွေ ၃၂သိန်း၅သောင်းမီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မီးလာငြိမ်းတဲ့ မီးသတ်ကားအချို့ကိုလည်း သေနတ်နဲ့ချိန်ပြီး မီးသတ်ကားအတွင်းမှာပါလာတဲ့ ရေတွေကိုပါ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #အိမ်ခြေ၄၀မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW