တောင်ဒဂုံမှာ စစ်တပ်က ဝင်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး သုံးဦးသေပြီး အများအပြား ဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၉-၂၀၂၁
အေးချမ်းသူ(VOM)

ဒီနေ့ မတ် ၂၉ရက် နေ့လယ်ပိုင်းကစပြီး တောင်ဒဂုံမြို့နယ်မှာ စစ်တပ်က ပစ်ခတ်နေတာကြောင့် သုံးဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်ဒဂုံ ၁၀၇ ရပ်ကွက် သုမင်္ဂလာလမ်းမှာ နေထိုင်တဲ့ ကိုနေလင်းစော ၃၀နှစ်၊ တောင်ဒဂုံမြို့နယ် ၅၃ ရပ်ကွက်နေ ကိုဝေဖြိုးသူ အသက် ၂၇ နှစ်နဲ့ အမျိုးသားတဦးတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။

စစ်တပ်က အလောင်းလာလုမှာ စိုးတဲ့အတွက် ကွယ်လွန်သူတဦးဖြစ်တဲ့ ကိုနေလင်းစောကို ချက်ချင်းသင်္ဂြိုလ်လိုက်ရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ချက်ချင်းပဲ သဂြိုလ်လိုက်ရတယ် နောက်မို့ဆိုစစ်တပ်က အလောင်းလာလုမှာစိုးလို့” လို့ ပြောပါတယ်။

ရပ်ကွက်နေသူတွေရဲ့ ပြောကြားချက်နဲ့ လူမှုကွန်ယက်မှာ ထွက်ပေါ်နေတဲ့ ဗီဒီယိုဖိုင်တွေအရ အဲ့ဒီ တောင်ဒဂုံဖြိုခွဲမှုအတွင်း စစ်တပ်က လက်နက်ကြီးတွေကိုပါ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြိုခွဲမှုမှာ သေဆုံးသူ ၁၁ဦးထိရှိတယ်လို့ ပြောဆိုမှုတွေရှိပေမယ့် လက်ရှိအခြေအနေမှာ သေဆုံးသူ ၃ဦးကိုသာ VOM က အတည်ပြုနိုင်ပါသေးတယ်။

တောင်ဒဂုံမြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်းရှိ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ၆မြို့နယ်မှာ ပါဝင်ပါတယ်။

အာဏာရှင်စနစ်ဆန့်ကျင်ရေးကာလ တောင်ဒဂုံမြို့နယ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖြိုခွင်းမှုတွေကြောင့် သေဆုံးသူ ၁၂ဦး အထိရှိနေပြီး ဒဏ်ရာရရှိသူတွေနဲ့ ဖမ်းဆီးခံရသူတွေလည်း ရှိပါတယ်။

#VoiceOfMyanmar #VOM #တောင်ဒဂုံ

Related posts

Leave a Comment

VOM News

FREE
VIEW