ကလေးမြို့ဘက်သွားမယ့် စစ်ကားတွေကို တားဆီးတဲ့ ဒေသခံတွေ ပစ်ခတ်ခံရလို့ ၂ ဦး သေဆုံး

မတ် ၃၁ ၊ ၂၀၂၁
KTG(VOM)

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ ဂန့်ဂေါ ကလေး ကားလမ်းတလျောက် မတ် ၃၀ မနေ့ညက ပစ်ခတ်မှုဖြစ်စဥ်တွေ ဖြစ်ပွားခဲ့ပြီး လူအသေအပျောက်နဲ့ ဒဏ်ရာရသူတွေရှိတယ်လို့ ကလေး ဂန့်ဂေါ နယ်စပ်ဖြစ်တဲ့ ဟံသာဝတီကျေးရွာက ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါဘက်ကနေ ကလေးမြို့ဘက်ကို သွားရောက်တဲ့ စစ်ကားတွေကို ကလေးမြို့နယ် ကမ္ဘားနီကွေ့နေရာမှာ ကလေးဘက်က တားဆီးပိတ်ဆို့ထားပြီး တချို့ စစ်ကားတွေက နီးစပ်ရာ စခန်းတွေမှာ ခိုလှုံနေတဲ့အချိန် တားဆီးဖို့သွားရောက်တဲ့ ဒေသခံတွေ အခုလို ပစ်ခတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

” ဟံသာဝတီ ရဲကင်းစခန်းရှေ့မှာ အမျိုးသားတစ်ယောက် သေနတ်ထိမှန်ပြီး သေဆုံးတယ်၊ နောက်ပြီး တောင်ခင်ရမ်းရွာဘေးက နမခ စိုက်ကွင်းစခန်း ရှေ့မှာ ၁ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ် ” လို့ တောင်ခင်ရမ်းရွာခံတစ်ယောက်က VOM ကိုပြောပါတယ်။

တောင်ခင်ရမ်းရွာနီးက နမခ စိုက်ကွင်းရှေ့မှာ ပစ်ခတ်ခံရလို့ သေဆုံးသူဟာ နှမ်းခါးကျေးရွာက အသက် ၂၀ ဝန်းကျင် အရွယ် ကိုဖိုးသားလေး ဆိုသူဖြစ်ပြီး ဟံသာဝတီ ရဲကင်းစခန်းရှေ့ မှာ သေဆုံးသူကိုတော့ အမည် အသက် နေရပ် အတိအကျ ဒေသခံတွေက မသိရသေးဘူးလို့ ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း ဂန့်ဂေါမြို့နယ် ကျွန်းတက်ကျေးရွာအနီး ဂန့်ဂေါ ကလေးကားလမ်းမှာ စစ်ကားတစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးကုန်းဆင်း ချောက်ထဲထိုးကျခဲ့တဲ့ ဖြစ်စဥ်တစ်ရပ်လည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။

#VoiceOfMyanmar #VOM #ဂန့်ဂေါကလေးကားလမ်း

Related posts

Leave a Comment

VOM News

FREE
VIEW