ဂန့်ဂေါမြို့ပေါ်မှာ တူမီးသေနတ်နဲ့ ပစ်ခတ်ခံရလို့ ရဲတချို့ဒဏ်ရာရပြီး တူမီးသမားသေဆုံး

မတ် ၃၁ -၂၀၂၁
KTG

မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်၊ တြိဂံလမ်းဆုံနေရာမှာ ဒီကနေ့ မနက် ၁၁ နာရီက ရဲတပ်ဖွဲ့၀င်တွေ တူမီးသေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် ရဲတချို့ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဂန့်ဂေါမြို့မရပ်ကွက်မှာနေတဲ့ ဒေသခံတစ်ယောက်ကတော့ ” ဂန့်ဂေါမြို့ရဲ့ အနောက်ဘက် နယ်က လူ ၂ ဒါဇင်လောက်က တူမီးသေနတ်တွေနဲ့ လာတိုက်တယ် ၊ ၂ ဖက် ပစ်ခတ်မှုတွေဖြစ်ပြီး ရဲတွေလည်း ဒဏ်ရာရတာတွေရှိတယ် ၊ လာတိုက်တဲ့ဘက်က လောင်ထောင်ရွာသား တစ်ယောက် သေနတ်ထိမှန်ပြီး သေဆုံးတယ်”လို့ ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်မှာ ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့၀င်အရေအတွက် အတိအကျ မသိရပေမယ့် ဒေသခံတွေရဲ့ ပြောပြအချက်အရ ၃ ဦးထက်မနည်း ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့မနက် အစောပိုင်းက ဂန့်ဂေါ-ကလေး ကားလမ်းမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ရာ တောင်ခင်ရန်း ကျေးရွာအနီးက စိုက်ကွင်းပတ်၀န်းကျင်မှာ နှမ်းခါးကျေးရွာက လူငယ် ၁ ဦး ကျည်ဆံထိမှန် သေဆုံးခဲ့ရပြီး ဟံသာဝတီကျေးရွာ ဟံသာဝတီ ရဲကင်းစခန်းရှေ့မှာလည်း လူတစ်ယောက် ကျည်ဆံထိမှန် သေဆုံးခဲ့ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းကလည်း ဂန့်ဂေါမြို့နယ်၊ ကျောမြို့နယ်ခွဲ၊ အမှတ် ၂ ရပ်ကွက်ဘက်မှာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်ရှေ့မှာ ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

အဲ့ဒါကြောင့် ဂန့်ဂေါမြို့နယ်မှာ မတ်လ ၃၁ရက် ဒီကနေ့ တစ်ရက်ထဲမှာပဲ ကျည်ဆံထိမှန် သေဆုံးသူ ၃ ဦးရှိပြီး မတ်လအတွင်း ကျည်ဆံထိမှန်သေဆုံးသူ ၄ ယောက်အထိရှိခဲ့ကာ ဒဏ်ရာရသူ ၁၀ ထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဂန့်ဂေါ

Related posts

Leave a Comment

VOM News

FREE
VIEW