ကလေးတက္ကသိုလ်အနီး ပစ်ခတ်ခံရသူ ကျောင်းသားတစ်ဦး ထပ်မံကျဆုံး

ဧပြီ ၂-၂၀၂၁
သိမ်မွေ့ကဗျာ

ကလေးမြို့မှာ ဧပြီလ ၁ ရက် မနေ့ညပိုင်းက ကလေးတက္ကသိုလ်အနီး ကင်းပုန်း၀ပ်‌နေတဲ့ စစ်တပ်က ပစ်ခတ်လိုက်မှုကြောင့် အသက် ၁၉ နှစ်အရွယ် မောင်ဉာဏ်လင်းထက် (ခ) ဆလိုင်းဗန်ဗျက်ထန် လို့ခေါ်တဲ့ ကျောင်းသားတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

” မနေ့ညက ကလေးတက္ကသိုလ်နားမှာ ပစ်ခတ်ခံရလို့ လူငယ်နှစ်ဦး ကျည်ထိတယ်။ တစ်ဦးကို ချက်ချင်းခေါ်ထုတ်ခဲ့နိုင်ပေမယ့် နောက်တစ်ဦးကိုတော့ သေနတ်တွေနဲ့ ဆက်တိုက်ပစ်နေလို့ မသယ်နိုင်ခဲ့ဘူး၊ ထားခဲ့ရတယ်။ ဒီနေ့မနက်ကျ‌တော့ ကလေးတက္ကသိုလ်နားမှာပဲ အလောင်းတွေ့တယ် ” လို့ ဒေသခံတစ်ဦးက ဖြစ်စဉ်အခြေအနေကို ရှင်းပြပါတယ်။

မနေ့ညပိုင်း စစ်တပ်က ပစ်ခတ်ခဲ့လို့ ဒီကနေ့ မနက်ပိုင်းမှာ အလောင်းတွေ့ရှိခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မောင်ဉာဏ်လင်းထက် (ခ) ဆလိုင်းဗန်ဗျက်ထန်ဟာ ကလေးတက္ကသိုလ် မြန်မာစာမေဂျာနဲ့ ဒုတိယနှစ် တက်ရောက်နေသူဖြစ်သလို သူ့ရဲ့ရုပ်အလောင်းကိုတော့ ယနေ့ နေ့လည် ၃ နာရီမှာ သုဿန်သို့ ပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

ကလေးမြို့ပေါ်မှာ ဆန္ဒပြတာအပါအ၀င် ပင်မသပိတ်စခန်း ဖြိုခွင်းခံရမှုကြောင့် အသက်ပေးဆပ်ခဲ့ရသူ ယနေ့အထိ ၁၁ ဦး ရှိနေပြီဖြစ်ပါတယ်။

လတ်တလောမှာ ဆန္ဒပြသူတွေဘက်က ရဲတပ်ဖွဲ့ဝင် ၇ ဦးကို ထိန်းသိမ်းထားပြီး ဖမ်းဆီးခံ ဆန္ဒပြသူတွေနဲ့ လဲလှယ်ဖို့စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

#VoiceOfMyanmar #VOM #ကလေးမြို့

Related posts

Leave a Comment

VOM News

FREE
VIEW