CNNသတင်းထောက်အဖွဲ့ လာရောက်ချိန် ဆန္ဒပြတဲ့ အင်းစိန်ပြည်သူတွေ ဖမ်းဆီးခံရ

ရန်ကုန်၊ဧပြီ ၂-၂၀၂၁
အေးချမ်းသူ(VOM)

အင်းစိန်မြို့နယ် ဆယ်မိုင်ကုန်ဈေးကို CNN မှ သတင်းထောက်တွေ လာရောက် သတင်းယူချိန်မှာ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့သူတွေ အဲ့ဒီသတင်းထောက်တွေပြန်ချိန်မှာ ဖမ်ဆီးခံခဲ့ရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။

ရပ်ကွက်နေပြည်သူတစ်ဦးက “CNN သတင်းထောက်လာတဲ့အချိန် ပြည်သူတွေက သံပုံးတီးတယ် လက်သုံးချောင်းထောင်တယ် ကားဟွန်းတီးတယ် ကြွေးကြော်သံတွေအော်တယ် ဒါကိုဖမ်းတာ” လို့ ပြောပါတယ်။

စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးအပြည့်နဲ့ CNNသတင်းဌာနက သတင်းလာယူချိန်မှာ ဈေးသူဈေးသားတွေနဲ့ ပြည်သူတွေက စစ်အာဏာရှင်စနစ်အလိုမရှိလို့ ကြွေးကြော်ခဲ့ပြီး သံပုံးတီးခြင်း၊ ကာဟွန်းတီးခြင်း၊လက်သုံးချောင်းထောင်ခြင်းတွေ ပြုလုပ်ခဲ့၍ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဈေးအနီးမှာ နေထိုင်သူတစ်ဦးက”သူတို့ပြန်မှ ဖမ်းတာပါ ကျနော်မျက်စိရှေမှာတင် နှစ်ယောက်ပါသွားတယ်။ ဖမ်းတဲ့သူဦးရေတော့ အတိအကျမသိဘူး” လို့ ပြောပါတယ်။

CNNသတင်းဌာနမှ သတင်းထောက်နှင့်အဖွဲ့က ပြည်သူများဆန္ဒပြတာကို မှတ်တမ်းတင်ရိုက်ကူးနေချိန်မှာ တစ်စုံတစ်ရာမလုပ်ပေမယ့် ပြန်သွားတဲ့အခါမှ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW