ဧပြီ ၁၀ ရက်က တမူး ပစ်ခတ်မှုမှာ ရဲအရာရှိ ၁ ဦး ကျဆုံးပြီး ၃ ဦးသာ ဒဏ်ရာရတာလို့ အုပ်ချုပ်ရေးအဖွဲ့ပြော

ဧပြီ ၁၃ ၊ ၂၀၂၁

Voice Of Myanmar

 

ဧပြီ ၁၀ရက်က လုံခြုံရေးတပ်ဖွဲ့နဲ့ ပြည်သူတွေ အပြန်လှန်ပစ်ခတ်မှုမှာ ကဘော်ချိုင့်ဝှမ်း ဒေသ မြန်မာ အိန္ဒိယ ၂ နိုင်ငံ နယ်စပ်မှာ လှုပ်ရှားနေတဲ့ ကူကီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (KNO / KLA) က အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဒါဇင်ခွဲ ကျဆုံးခဲ့ပြီး ပြည်သူ့ဘက်တော်သား ၁ ဦး ထပ်မံကျဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

 

အဲ့ဒီ ပစ်ခတ်တိုက်ခိုက်တာနဲ့ ပတ်သက်လို့ တမူးခရိုင် ကောင်စီးရုံးကို VOM က ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ရှိသူ တစ်​ယောက်ပြောတာက ” ပစ်ခတ်မှုဖြစ်စဥ် ပေါ်ပေါက်ခဲ့တာ ဟုတ်တယ် ၊ ထိခိုက် ကျဆုံးမှုက ရဲအရာရှိ ၁ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရတာပဲရှိတယ် ၊ ကားကို ကျည်ဆံ ၁၂ ချက် ထိမှန်ပြီး လေကာမှန်တွေ ပျက်စီးကုန်တယ်”လို့ ပြောပါတယ်။

 

 

မြန်မာ အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း တမူးမြို့ စျေးတန်းရပ်ကွက် ၊ နာဂဘုရားကျောင်း အနီး မြန်မာ အိန္ဒိယ ချစ်ကြည်ရေးကားလမ်းပေါ်မှာ ဧပြီ ၁၀ ရက် နေ့ခင်း ၁ နာရီက လုံခြုံရေးတပ်ဖွဲ့ကားတစ်စီး ပစ်ခတ် တိုက်ခိုက်ခံရတာကြောင့် အဲ့ဒီကားပေါ်မှာ ပါလာတဲ့ ရဲအရာရှိ ၁ ဦး ကျဆုံးပြီး ရဲဝန်ထမ်း ၃ ဦး မိုင်းစထိမှန်ဒဏ်ရာရကာ ကားမှန်တွေ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

 

နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ အချိန်တိုကာလအတွင်းမှာ ပြန်လည် လုပ်ကိုင်နိုင်ဖို့အတွက် နယ်မြေရှင်းလင်းရေးနဲ့ ဒေသလုံခြုံရေး ဆောင်ရွက်နေတဲ့ အမှတ် ၁၆ လုံခြုံရေး ရဲတပ်ရင်းက Foton အမျိုးအစား ရဲကားတစ်စီးကို ဆန္ဒပြ လူစုက ဗုံးနဲ့ပစ်ပေါက်ကာ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

 

 

အဲ့ဒီ ပစ်ခတ် တိုက်ခိုက်မှုကြောင့် တိုက်ခိုက်ခံရတဲ့ ယာဥ်ပေါ်ပါ ရဲတပ်ဖွဲ့ဝင်များအနက် ဒုရဲအုပ် ဇော်မိုးအောင် ယာဘက်လက် မိုင်းစထိမှန် ဒဏ်ရာ ၊ ရဲတပ်ကြပ် ကြီး အေးကျော်သာ ခြေထောက် မိုင်းစ ထိမှန် ဒဏ်ရာ ၊ ရဲတပ်သား အဂဲ မိုင်းစထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ဒုရဲအုပ် ဇော်လင်းထိုက် ဆိုသူကတော့ လည်ပင်းကျည်ဆံထိမှန် ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

 

 

” အဲ့ဒီ ပစ်ခတ်မှုက မြို့ပြ လူနေရပ်ကွက်ထဲမှာ ဖြစ်တာ ၊ အင်ဆာဂျင့် နယ်မြေထဲမှာ ပစ်ကျ ၊ ခတ်ကျသလို ပစ်ခတ်လို့ မရနိုင်ဘူး ၊ နယ်မြေခံ လုံခြုံရေးဘက်က ၁ ဒါဇင်ခွဲလောက်ကျတယ်ဆိုရင် ကျန်တဘက်ကလည်း အဲ့ဒီ နီးပါး ထိခိုက်မှု ရှိမှာပါ ၊ ပစ်ခတ်မှုတိုင်းရဲ့ သဘော သဘာဝဟာ အလျော်အစား ကြီးတယ် ၊ အမြတ်မရဘူးဆိုရင်တောင် အရင်းထဲကတော့ ဘယ်သူမှ အပါမခံဘူး ၊ အဲ့ဒီ ဖြစ်စဥ်မှာ ထိခိုက်ကျဆုံးမှုများတယ်လို့ သတင်းတွေ ထွက်ပေါ်လာတယ်ဆိုတာ တဖက်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး ထိုးနှက်ချက် သက်သက်ပဲဖြစ်မယ် အဲ့ဒီ အတိုင်း မြင်မိတယ် ” လို့ ပထဝီဝင် နိုင်ငံရေး သုတေသီ အငြိမ်းစား ပါမောက္ခ တစ်ဦးက ဝေဖန်ပြောဆိုထားပါသေးတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လက လုံခြုံရေးတပ်ဖွဲ့ဟာ တမူးမြို့ပေါ်က ဘော်ဒါဆောင် အဟောင်းတခုမှာ ဝင်ရောက်ရှာဖွေရေး လုပ်ငန်းတွေ လုပ်ကိုင်နေတုန်း မိုင်း ၂ လုံး ဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့တာကြောင့် ရဲဝန်ထမ်း ၁ ယောက် သေဆုံးပြီး ၂ ယောက် မှာလည်း မိုင်းစထိမှန် ဒဏ်ရာတွေရခဲ့လို့ ကလေး စစ်ဆေးရုံးကို ညတွင်းချင်း ပို့ဆောင် ဆေးကုသခဲ့ရတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

 

ဖေဖော်ဝါရီ လဆန်းပိုင်းကစလို့ အင်တာနက် လူမှုကွန်ယက်ပေါ်မှာ မြေပြင် သတင်း အခြေအနေမှန် မဟုတ်တဲ့ သတင်းအတုအယောင်တွေ ချဲ့ကား ဖန်းတီးရေးသားတင်ပြနေတဲ့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင် တချို့ စိတ်ဓာတ်ပျက်ပြားကာ တာဝန်မှစွန့်ခွာပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ် အိုက်ဇောမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လို့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံနေထိုင်သူ ရာနဲ့ချီပြီးရှိခဲ့ပါတယ်။ အဲ့ဒါကြောင့် တပ်ဖွဲ့တွင်း စည်းရုံးရေးပျက်ပြားမှုမရှိစေဖို့ မြန်မာနိုင်ငံအတွင်းက လူမှုကွန်ယက် အင်တာနက်လိုင်းတွေကို နအစက ဖြတ်တောက် ထိန်းချုပ်ပြီး စီစစ် အရေးယူမှုတွေ ပြုလုပ်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

#voiceofmyanmar #VOM #တမူးဖြစ်စဉ်

Related posts

Leave a Comment

VOM News

FREE
VIEW