မုံရွာ -ဂန့်ဂေါ ကလေးကားလမ်းမှာ ခရီးသည်တချို့ ဖမ်းဆီးခံရတာတွေဖြစ်ပြီးနောက် ပြောင်းရွှေ့ဝန်ထမ်းတွေ သွားလာရေး အဆင်မပြေ ဖြစ်နေ

သြဂုတ် ၊ ၁၀ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မုံရွာ ဂန့်ဂေါ ကလေးကားလမ်း နဂါးမတောင်နဲ့ ပုံတောင်အကြား ၅၂ မိုင်အနီးဝန်းကျင်မှာ ခရီးသည်တချို့ဖမ်းဆီးခံရတာတွေဖြစ်ပေါ်ပြီးနောက် ပြောင်းရွှေ့ ဝန်ထမ်းတွေ သွားလာရေးအတွက် အဆင်မပြေ ဖြစ်နေကြတယ်လို့ ပြောင်းရွှေ့ ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
မန္တလေးတိုင်းကနေ စစ်ကိုင်းတိုင်းကိုဖြတ်ပြီး ချင်းပြည်နယ်ကို ပြောင်းရွေ့တာဝန် သွားရောက် ထမ်းဆောင်ရမယ့် ဝန်ထမ်း တစ်ဦးက ” ချင်းပြည်နယ် ဟားခါးကိုသွားမယ်ဆိုရင် မုံရွာ ဂန့်ဂေါ ဟားခါး ကုန်လမ်းကြောင်းတခုပဲရှိတယ် ၊ ဒီလ ( သြဂုတ်) ၅ ရက်နေ့က မန္တလေးကနေ ကလေးမြို့သွားတဲ့ ခရီးသည်တင်ကား ၁ စီးကို ပုလဲမြို့ အနောက်ဘက် နဂါးမတောင်နဲ့ ပုံတောင်အကြား ၅၂ မိုင် အမေ့ရွာ ထမင်းဆိုင်နားမှာ မျက်နှာဖုံးစွပ် လက်နက်ကိုင် လူ ၃၀ လောက်က ကားကိုတားပြီးစစ်တယ် ၊ ကားပေါ်ပါ ခရီးဆောင်အိတ်တခုထဲက အကျဥ်းဦးစီး ဝန်ထမ်းယူနီဖောင်းတွေ့လို့ အဲ့ဒီ အိတ်ပိုင်ရှင် ခရီးသည်ကို ကားပေါ်က ဆွဲချပြီး ဖမ်းခေါ်သွားတယ် ၊ ဂန့်ဂေါ ကလေး ကားလမ်းဘက်မှာလဲ လွန်ခဲ့တဲ့ ၂ တုန်းက လစာထုတ်ပြန်လာတဲ့ ရွာအုပ်ချုပ်ရေးမှူး ၊ ရွာစာရေး ၊ ကျန်းမာရေး သူနာပြု၊ ပညာရေး ကျောင်းအုပ် ပါတဲ့ ကားကို တားပြီး ဝန်ထမ်း ၅ ယောက်ကို သတ်ပြီး ကားရောလူပါ မီးရှို့ခဲ့တာရှိတယ် ၊ ခရီးသွား လုံခြုံမှု အာမခံချက် မရှိတာကြောင့် သွားရေး လာရေး အခက်အခဲရှိတယ် ” လို့ ပြောပါတယ် ။
 
ဒီလ သြဂုတ် ၅ ရက်က ပုလဲမြို့နယ် မုံရွာ ဂန့်ဂေါ ကားလမ်း ၅၂ မိုင်အနီး မန္တလေး ကလေး ခရီးသည်တင်ကားပေါ်က လက်နက်ကိုင်ထားတဲ့ အမည်မသိ လူတစုရဲ့ ဆွဲချ ဖမ်းဆီးခြင်းခံရလိုက်ရတဲ့သူဟာ တောင်ကြီးမြို့ကနေ တမူးမြို့နယ် အုတ်ဖို အကျဥ်းစခန်းကို ပြောင်းရွေ့တာဝန်ထမ်းဆောင်ဖို့ သွားရောက်ခဲ့တဲ့ အသက် ၅၀ ကျော် တပ်ကြပ်ကြီး ရာထူးအဆင့်ရှိ အကျဥ်းဦးစီး ဝန်ထမ်းတစ်ယောက်ဖြစ်တယ်လို့ ယင်းမာပင် ခရိုင်ရဲတပ်ဖွဲ့ရုံး တာဝန်ကျ ရဲဝန်ထမ်းတစ်ယောက်က အတည်ပြု ပြောပါတယ်။
 
အဲ့ဒါကြောင့် ပြောင်းရွေ့ဝန်ထမ်းတချို့ဟာ လမ်းခရီး သွားလာတဲ့အခါ လုံခြုံမှု အာမခံချက် မရှိသေးတာကြောင့် တာဝန်ကျ ဒေသတွေကို သွားရောက်ဖို့ အခက်အခဲ ဖြစ်နေကြတာလို့ သိရပါတယ် ။
 
စစ်ကိုင်းတိုင်းထဲက ခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ထမ်းတစ်ဦးက
.” ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍနဲ့ ပတ်သက်လို့ကုန်စည်စီးဆင်း မှုနဲ့ ခရီးသွား လုပ်ငန်းတွေ အခက်အခဲမရှိအောင် အလေးထား လုပ်ဆောင်နေပါတယ် ၊ ခရီးသွား လုံခြုံရေး အာမခံချက်အတွက် လိုအပ်ရင် Security Convoy (လုံခြုံရေး ကားတန်း) စနစ်နဲ့ ဝန်ဆောင်မှုပေးသွားမှာပါ ” လို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းမှာ မုံရွာ ဂန့်ဂေါ ကလေး ကားလမ်း မွှေ့လယ် ကျေးရွာနဲ့ နှမ်းခါးကျေးရွာအကြား ရဲလှရွာ လမ်းခွဲအနီးမှာ ဂန့်ဂေါမြို့က အစည်းဝေးတက် လစာထုတ်ပြန်လာတဲ့ ရွာအုပ်ချုပ်ရေးမှူး ၂ ယောက် ၊ ရွာစာရေး ၁ ယောက် ၊ ကျောင်းအုပ်ဆရာမ ၁ ယောက် ၊ သူနာပြုဆရာမ ၂ ယောက်တို့ စီးနင်းလိုက်ပါလာတဲ့ ကားကို မျက်နှာဖုံးစွပ် လက်နက်ကိုင် လူတစုက တားဆီးပြီး အဲ့ဒီ ဝန်ထမ်းတွေထဲက သွေးသစ္စာ သီချင်းမရတဲ့ ဝန်ထမ်း ၅ ယောက်ကို လျှာဖြတ် ၊ သေနတ်နဲ့ပစ်ပြီး သေဆုံးသူတွေရော ကားကိုပါ မီးရှို့ခဲ့တဲ့ ဖြစ်စဥ် ရှိခဲ့ပါတယ် ။
 
အဲ့ဒီ ဖြစ်စဥ်မှာ သေနတ်မှန် မီးရှို့ခံ လျှာအဖြတ်မခံ ရတဲ့ သူနာပြု ဆရာမ ၁ ဦး အသက်မသေပဲ လွတ်မြောက်လာတဲ့အတွက် အခုထိ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #ဂန့်ဂေါ-ကလေးလုံခြုံရေး

Related posts

Leave a Comment

VOM News

FREE
VIEW