မိုးကုတ်မြို့အရှေ့ပိုင်းမှာ မြေထပ်ပြိုလို့ ပိတ်မိနေတဲ့ လူတွေကို အရေးပေါ် ရှာဖွေနေရ

သြဂုတ် ၊ ၁၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အရှေ့ပိုင်း မြို့မရပ်ကွက် ၊ နယ်မြေ ၄ မှာ ဒီကနေ့မနက် အစောပိုင်းက မြေပြိုကျတဲ့အတွက် ပိတ်မိနေတဲ့ လူတွေကို အရေးပေါ် ရှာဖွေကယ်ဆယ်နေရတယ်လို့ မြတ်စေတနာ လူမှုကူညီရေးအသင်းရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” မြို့မရပ် အပိုင်း ၄ ထဲက တောင်ကမ်းပါးယံပြိုကျပြီး လူနေအိမ်တွေပေါ် မြေစာတွေပိတာကြောင့် အိမ်ထဲက လူတွေ ပိတ်မိ​နေတာကို မနက် ၆ နာရီ ၄၅ ကစလို့ ကယ်ဆယ်ရှာဖွေရေးတွေ လုပ်နေတာပါ ၊ လောလောဆယ် ကျား ၅ ဦး နဲ့ မ ၁ ဦး (ကလေးငယ်) ပေါင်း ၆ ဦးကို အသက်ရှင်လျက်နဲ့ ကယ်ဆယ်နိုင်ခဲ့တယ် ၊ ဆက်လုပ်နေတာက ပိတ်မိနေတဲ့သူ ၁ ယောက်ကျန်နေသေးတယ် ” လို့ မြတ်စေတနာ လူမှုကူညီရေး အသင်း စေတနာ့ဝန်ထမ်းတစ်ယောက်က VOM ကို ပြောပါတယ်။
 
အဲ့ဒီ မြေပြိုကျပြီး လူတွေပိတ်မိနေတဲ့ နေရာကို မီးသတ်တပ်ဖွဲ့ဝင်တွေ လူမှုကူညီရေးအသင်းတွေ ဒေသခံ ပြည်သူတွေက ကူညီရှာဖွေနေတာဖြစ်ပါတယ်။
 
မနေ့ ဩဂုတ် ၁၂ရက် နေ့လယ်ပိုင်းကလည်း မိုးကုတ် အနောက်ပိုင်း၊ ကြပ်ပြင်၊ အင်းခေါင်းရပ်မှာ နေအိမ်တလုံး မြေပြိုကျပြီး ကလေးငယ် ၁ ယောက်အပါအဝင် မိသားစု ၃ ယောက် မြေပိသေဆုံးခဲ့ရတဲ့ ဖြစ်စဥ် ပေါ်ပေါက်ခဲ့ပါတယ်။
 
မနှစ် မိုးရာသီက မိုးကုတ်အရှေ့ပိုင်းမှာ မိုးရွာသွန်းမှုများပြီး ရေကြီး မြေပြိုတာတွေ ဖြစ်ခဲ့လို့ လူ ၄ ယောက် သေဆုံးခဲ့တာလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
 
Photo-မိုးကုတ်မီးသတ်
#voiceofmyanmar #VOM #မိုးကုတ

Related posts

Leave a Comment

VOM News

FREE
VIEW