မုံရွာ – ဂန့်ဂေါကားလမ်းမှာ စစ်ယာဥ်တန်း ဖြတ်သန်းချိန် ရှော့ခ်တိုက်မိုင်း ၅ လုံး ဆက်တိုက်ပေါက်ကွဲ

သြဂုတ် ၊ ၁၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ် ၊ မုံရွာ – ပုလဲ – ဂန့်ဂေါ ကားလမ်း ၊ မိုင်တိုင်အမှတ် ၁၂ / ၅ နဲ့ ၆ အကြားနေရာမှာ မနေ့ သြဂုတ် ၁၂ ရက် ညနေပိုင်းက စစ်ယာဥ်တန်းတစ်ခု ဖြတ်သန်းသွားလာနေတဲ့အချိန်မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ယင်းမာပင်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ယင်းမာပင်မြို့ခံ တစ်ယောက် ” ကောင်းဆင့်ရွာ အနီးက မုံရွာ ဂန့်ဂေါ ကားလမ်းမှာဖြစ်တာပါ ၊ ပေါက်ကွဲသံ ၅ ချက်တော့ ကြားရတယ် ” လို့ ပြောပါတယ်။
 
အဲ့ဒီ ပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်တွေ့လိုက်သူ တချို့ ပြောတာကတော့ စစ်ယာဥ်တန်း မဟုတ်ဘူး ၊ ဂန့်ဂေါ ပုလဲ ဘက်ကနေ မုံရွာကို ပြန်လာတဲ့ စစ်ကား ၂ စီးဖြစ်တယ်လို့ သိရပါတယ်။
 
“အကျယ် ၁ ပေ ပတ်လည် ၊ အမြင့် ၈ လက်မ အရွယ်ရှိ ကွန်ကရစ်တုံးမှာ ယမ်း ဝါယာကြိုတွေ ချိတ်ဆက်ပြီး ကားလမ်းနဲ့ ၂ ပေ အကွာမှာ မြေကျင်းတူလို့ ထောင်ထားတာ ၊ မြေကျင်း ၁ ကျင်းနဲ့ ၁ ကျင်းက ၁၀ ပေလောက်ကွာတယ် ၊ အဲ့ဒီလို ထောင်ထားတဲ့ မိုင်းကျင်း ၇ ကျင်းထဲက ၅ ကျင်းပေါက်တယ် ၊ ၂ ကျင်းက မပေါက်ဘူး ၊ မပေါက်တဲ့ ၂ ကျင်းက မိုင်းတွေကို သက်မဲ့လုပ်ပြီး ရှင်းလင်းခဲ့တယ် ၊ ပေါက်ကွဲတဲ့ ၅ လုံးကြောင့် စီနိုထရပ် ကားရဲ့ ညာဘက်ခြမ်း လေကာမှန် အနည်းငယ် ပျက်စီးတာကလွဲပြီး ကျန်တာဘာမှ မဖြစ်ဘူး ၊ ထိခိုက်ဒဏ်ရာရတာ ၊ သေဆုံးတာ မရှိဘူး ” လို့ ပေါက်ကွဲမှုကို သွားရောက်စစ်ဆေးခဲ့တဲ့ ယင်းမာပင်ခရိုင် ထွေ / အုပ် ဝန်ထမ်းတစ်ယောက်က VOM ရဲ့ ဆက်သွယ်မေးမြန်းတာကို အဲ့ဒီလို ဖြေကြားပါတယ်။
 
ဒါ့အပြင် အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ စစ်ကားတချို့ ပျက်စီး ဒဏ်ရာရ သေဆုံးသူတွေရှိတယ်လို့ ရေးသားထားတာကိုလည်း မနေ့က တွေ့ရပါတယ်။
 
#voiceofmyanmar #VOM #ယင်းမာပင်

Related posts

Leave a Comment

VOM News

FREE
VIEW