“ကိုဗစ်စည်းကမ်းတွေကို လိုက်နာဖို့ ဘာကြောင့် အ‌ရေးကြီးလဲ”

သွေး (စစ်ကိုင်း)

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့တာဟာ ၂၀၂၀ ပြည်နှစ် မတ်လကဖြစ်လို့ အခုဆိုရင် ၁ နှစ်ခွဲနီးပါးရှိခဲ့ပြီ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါ ကူးစက်မှုတွေက ကမ္ဘာတဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲ ဖြစ်သလို မြန်မာနိုင်ငံမှာလည်း ကိုဗစ် တတိယလှိုင်း ကူးစက်မှုဟာ ပထမလှိုင်း၊ ဒုတိယလှိုင်းတွေထက် ပိုမိုများပြားနေတာကြောင့် ကိုဗစ်နဲ့ ဆက်စပ်တဲ့ လိုက်နာရမယ့် စည်းကမ်းတွေကို အသိရှိရှိ သတိကြီးကြီးနဲ့ ဆက်လက်လိုက်နာဖို့ အရေးတကြီး လိုအပ်နေပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ နေ့စဉ်လိုလို အနည်းဆုံး ၃,၀၀၀ ကျော်ရှိနေပြီး သေဆုံးရသူ အရေအတွက်ဟာလည်း သိသိသာသာ ကျဆင်းခြင်း မရှိသေးပါ။

ကျန်းမာရေးဝန်ကြီးဌာက ထုတ်ပြန်တဲ့ စာရင်းတွေအရ ဩဂုတ် ၁၂ ရက်နေ့ ၁ ရက်တည်းမှာပဲ ရောဂါပိုးတွေ့ရှိရသူ ၃,၄၃၀ ဦး၊ သေဆုံးသူ ၂၁၃ ဦး ရှိပါတယ်။

ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာပဆေးရုံ၊ ရန်ကုန်အနောက်ပိုင်းဆေးရုံနဲ့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး အပါအဝင် ကိုဗစ်ကုသရေးစင်တာတချို့ဖွင့်လှစ်ပြီး ကိုဗစ်လူနာတွေကို ကုသပေးနေတယ် လို့ သိရပါတယ်။ အများပြည်သူ အလုပ်ပိတ်ရက်ကိုလည်း ဩဂုတ် ၁၆ ကနေ ၂၂ ရက်နေ့အထိတိုးမြှင့်သတ်မှတ်ထားပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှု များပြားကျယ်ပြန့်လာရတဲ့ အကြောင်းရင်းကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်မျိုးဗီဇပြောင်း ဗိုင်းရပ်စ်တွေ ဖြစ်တဲ့ Alpha, Beta, Kappa နဲ့ Delta စ,တဲ့ မျိုးကွဲတွေ တွေ့ရှိလာရလို့ပဲ ဖြစ်ပါတယ်။

အဲ့ဒီအထဲမှာ Delta မျိုးကွဲက ကူးစက်မှုနှုန်း အမြန်ဆုံး ဖြစ်လို့ အထူးသတိပြု ကာကွယ်ရမှာ ဖြစ်ပါတယ်။ တတ်နိုင်သမျှ နေအိမ်မှာ နေထိုင်တာ အကောင်းဆုံး ဖြစ်ပေမယ့် အပြင်ကို မဖြစ်မနေ ထွက်ရတဲ့ သူတွေလည်း အများကြီးရှိပါတယ်။

အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတဲ့ အလုပ်သမားတွေ အများစုရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ အစီအမံတွေ သေချာချမှတ် ကာကွယ်ရမှာပါ။ အလုပ်သမားတွေ လိုက်နာဆောင်ရွက်သင့်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ညွှန်ကြားထားပြီး ဖြစ်လို့ အလုပ်ရှင်ဘက်က ကျန်းမာရေး ဆိုင်ရာ အကာအကွယ်အစောင့်အရှောက်တွေ ဖြည့်ဆည်းပေးဖို့ လိုပါတယ်။

ဒါ့အပြင် တခြားပြည်နယ်/တိုင်းဒေသကြီးတွေနဲ့ မတူတဲ့ အချက်က ရန်ကုန်မြို့နေ ပြည်သူတွေဟာ သွားလာရေးအတွက် ဘတ်စ်ကားတွေကို မဖြစ်မနေ စီးနင်းရတဲ့ အချက်ပါ။ ဘတ်စ်ကားတွေထဲမှာ တစ်ယောက်နဲ့ တစ်ယောက်ခပ်ခွာခွာ စီးနင်းနိုင်ဖို့ ဆိုတာ လက်တွေ့မှာ မလွယ်ကူပါဘူး။ ဒါကြောင့် ရောဂါပိုး အလွယ်တကူ ကူးစက်ခံရမှုမခံရစေဖို့ တစ်ဦးချင်းစီ အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ နှာခေါင်းစည်း တပ်ဖို့၊ လက်သန့်ဆေးရည်ဆောင်ထားဖို့ လိုပါတယ်။

ကိုဗစ်လူနာတွေ များပြားလာတာနဲ့ အမျှ သွေးအတွင်း အောက်စီဂျင်ကျဆင်းပြီး အောက်စီဂျင် လိုအပ်သူတွေလည်း များပြားလာပါတယ်။

အောက်စီဂျင်အိုးတွေ/ အရည်တွေကို ‌ပေါက်ဈေးထက်ပိုပေးပြီး ဝယ်ယူသုံးစွဲနေကြရတဲ့အပြင် အောက်စီဂျင် လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးပါဘူး။ အောက်စီဂျင်ဘူး ပြန်ဖြည့်ဖို့အတွက်
လူအများစုဟာ မဖြစ်မနေ တန်းစီနေကြရပြီး အဲ့ဒီလို လူအုပ်စုအတွင်း ကိုဗစ်ရောဂါ ကူးစက်ခံနိုင်ခြေလည်းရှိနေပါတယ်။

လေဝင်လေထွက် ကောင်းမွန်တဲ့ နေအိမ်တွေ၊ အခန်းတွေမှာ နေထိုင်ဖို့ကလည်း အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး အပါအဝင် လူဦးရေ ထူထပ်တဲ့ မြို့ကြီးတွေမှာ လေဝင်လေထွက်ကောင်းတဲ့ ကျယ်ဝန်းတဲ့နေရာ နည်းပါးလှပါတယ်။ ဒီအချက်ကလည်း ကိုဗစ်ကူးစက်မှုကို မြင့်တက်စေနိုင်ပါတယ်။

ဒါ့အပြင် အဲကွန်းတပ်ဆင် အသုံးပြုတဲ့ အချင်းတွေဟာ အလုံပိတ်အခန်းတွေဖြစ်တာကြောင့် ဗိုင်းရပ်စ်ပိုး ခိုအောင်း ပျံ့နှံ့နိုင်တယ်လို့ ကျန်းမာရေး အသိပညာပေးချက်တွေအရ သိရပါတယ်။

အိမ်ခန်းအတွင်း လေဝင်လေထွက် ကောင်းမွန်ဖို့၊ အလင်းရောင်နဲ့ အပူချိန် ကောင်းကောင်းရဖို့ ပြတင်းပေါက်တွေကို မကြာခဏ ဖွင့်ထားဖို့ လိုပါတယ်။

မိသားစု အတွင်း ကိုဗစ်ကူးစက်ခံရသူ သို့မဟုတ် ကိုဗစ်သံသယရှိသူ ရှိနေရင် တခြားမိသားစုဝင်တွေကို အလွယ်တကူ ကူးစက်လာနိုင်တာကြောင့် တတ်နိုင်သမျှ အခန်းခွဲပြီး သီးခြားနေထိုင်ဖို့ လိုအပ်သလို
စိတ်ဓာတ်မကျအောင် အားပေးသင့်ပါတယ်။

နောက်ထပ် အရေးတကြီး သတိထားရမယ့် အချက်ကတော့ နေအိမ်အခန်းအတွင်း လေထုညစ်ညမ်းမှု (Indoor Air Pollution) မဖြစ်အောင် ဂရုစိုက်နေထိုင်ဖို့ ဖြစ်ပါတယ်။ ခွေး၊ ကြောင် အပါအဝင် အိမ်မွေးတိရစ္ဆာန်တွေကနေထွက်တဲ့ အမွေးအမှင်တွေ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်စေနိုင်သလို အစားအသောက်တွေကိုလည်း သန့်ရှင်းမှု နည်းပါးစေပါတယ်။ ပြီးတော့ နေအိမ်အခန်းအတွင် ခြင်ဆေးခွေထွန်းတာ၊ အမွှေးတိုင်ထွန်းတာတွေကနေ ထွက်လာတဲ့ အခိုးအငွေ့ထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် အပါအဝင် ကျန်းမာရေးကို
ဆိုးရွားစွာ ထိခိုက်စေတဲ့ ဓာတ်ငွေ့တွေ ပါဝင်နေတဲ့ အပြင် အိမ်တွင်းသာမက အနီးအနား လေထုကိုပါ ညစ်ညမ်းစေနိုင်ပါတယ်။ အိမ်တွင်း လေထုညစ်ညမ်းမှု ရှိနေရင် ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရတဲ့အခါ
ပိုမိုဆိုးဝါးသွားစေနိုင်တာကို ဂရုပြုသင့်ပါတယ်။

နှာခေါင်းစည်း တပ်ဆင်ရာမှာလည်း နှာခေါင်းစည်ကို ဖြုတ်လိုက်၊ တပ်လိုက် ခဏခဏ မလုပ်ဘဲ စနစ်တကျတပ်ဆင်ထားရမှာပါ။ လူ အတော်များများမှာ မှားယွင်းနေတဲ့ အပြုအမူတစ်ခုက နှာခေါင်းစည်းကို မေးစေ့မှာချိတ်ထားလိုက်၊ ပြီးရင် ပြန်တပ်လိုက် လုပ်နေကြတာပါ။ မေးစေ့နဲ့ လည်ပင်းလို ချွေးနဲ့ စိုရွှဲနေတဲ့ နေရာတွေမှာ ဗိုင်းရပ်စ်ပိုးက အလွယ်တကူ တွယ်ကပ်နေနိုင်တာကြောင့် နှာခေါင်းစည်းပြန်တပ်တဲ့အခါ နှာခေါင်းစည်းကတဆင့် ဗိုင်းရပ်စ် ဝင်ရောက်နိုင်ပါတယ်။

ကိုဗစ်ကြောင့် ကွယ်လွန်သူတွေကို သဂြိုၤဟ်ရာမှာလည်း လိုက်ပါပို့ဆောင်သူ အနည်းဆုံး ဖြစ်ရမှာပါ။ လူအများအပြား လိုက်ပါပို့ဆောင်တာ၊ သေဆုံးသူကို အကာအကွယ်မပါဘဲ ရေချိုးပေးတာတွေက ရောဂါပိုး ထပ်ဆင့်ကူးစက်မှုကို ဖြစ်ပွားစေနိုင်ပါတယ်။

လူအုပ်စု အများစုရှိနေတဲ့ ဈေးကို သွားရာမှာ၊ ဈေးဝယ်ရာမှာ လူများနေချိန်မှာ စုပြုံတိုးဝှေ့ပြီး ဈေးမဝယ်ကြဖို့လည်း အထူး အ‌ရေးကြီးပါတယ်။ ဈေးရုံကြီးတွေမှာထက် ပျံကျဈေးတွေမှာ ဈေးဝယ်သူ များပြားတတ်တဲ့ သဘာဝရှိတာကြောင့် စည်ကားလွန်းတဲ့ နေရာတွေမှာ ဈေးဝယ်ကြတဲ့အခါ ဈေးရောင်းသူရော ဈေးဝယ်သူတွေပါ မိမိရဲ့အကာအကွယ်ဖြစ်တဲ့ နှာခေါင်းစည်းတပ်၊ သတိနဲ့ ခပ်ခွာခွာနေဖို့ အထူးလိုအပ်ပါတယ်။ ဖြစ်နိုင်ရင် အစားအသောက်နဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ၃/၄ ရက်စာ ဝယ်ယူထားခြင်းက လူစုလူဝေးကို ရှောင်ရှားရာကျပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကို ကျော်လွှားအောင်နိုင်ဖို့အတွက် ကိုယ်ခံအား မကျအောင် စားသောက်ဖို့လည်း လိုပါတယ်။ အထူးသဖြင့် လတ်ဆတ်တဲ့ အသီးအရွက်တွေ၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားသုံးသင့်ပြီး Fast Food လို့ခေါ်တဲ့ အသင့်စီမံထားတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

ကိုယ်ခံအားအတွက် လိုအပ်တဲ့အိပ်စက်နားနေမှု လိုအပ်တာကြောင့် အိပ်ရေးမပျက်အောင် အိပ်ရေးဝဝအိပ်ရမှာပါ။ ရေများများ သောက်ပေးဖို့လိုအပ်ပြီး ရေခဲရေ သောက်သုံးမှုကို ရှောင်နိုင်ရင် အကောင်းဆုံး ဖြစ်ပြီး ရိုးရိုးရေကိုသောက်သုံးတာက ကိုယ်ခန္ဓာအတွက် ပိုအဆင်ပြေပါတယ်။

တစ်ဖက်ကလည်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုတွေ လုပ်ဆောင်ပေးနေပြီ ဖြစ်တာကြောင့် ဆေးထိုးဖို့စာရင်းမှာပါဝင်သူတွေ ထိုးနှံမှု ခံယူနေကြတာလည်း တွေ့ရပါတယ်။

အလုပ်သမားတွေအတွက် လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်ဖြစ်ဖို့ အရေးကြီးပြီး အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က လူမှုဖူလုံကြေးပေးသွင်းထားတဲ့ အစိုးရနဲ့ ပုဂ္ဂလိက အလုပ်သမားဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး စတင် ထိုးနှံပေးနေပြီ လို့
ဆိုပါတယ်။

VOA သတင်းတစ်ရပ်မှာ ဖော်ပြထားချက်အရ လူမှုဖူလုံကြေး ပေးသွင်းထားတဲ့သူတွေကို အရင်ထိုးနှံပေးမှာဖြစ်ပြီး ကျန်တဲ့အလုပ်သမားတွေကို ဒုတိယဦးစားပေးအနေနဲ့ ထိုးနှံပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Sinopharm ကိုဗစ်ကာကွယ်ဆေးကို အသက် ၆၅ နှစ်နဲ့ အထက် ပြည်သူတွေကို ထိုးနှံပေးနေတာ ဖြစ်ပြီး တရုတ်နိုင်ငံက မှာယူထားတဲ့ Sinovac ကိုဗစ်ကာကွယ်ဆေး ၁ သန်းလည်း ထပ်မံရောက်ရှိလာတယ် လို့ သိရပါတယ်။

ယူကေနိုင်ငံက ကူးစက်ရောဂါနဲ့ အဏုဇီဝဗေဒ ဆရာဝန် ဒေါက်တာ စုစုထွေးနဲ့ ဘီဘီစီ အင်တာဗျူးမှာ ပြောကြားချက်အရ Covishield ကာကွယ်ဆေးက ပြင်းထန်ကိုဗစ် မဖြစ်အောင် ရာခိုင်နှုန်း ၇၀ ကျော်အထိ
ကာကွယ်ပေးတယ်လို့ သိရပါတယ်။
Sinopharm ကာကွယ်ဆေးက ကိုဗစ်ရောဂါ မဖြစ်အောင်၊ ပြင်းထန်ရောဂါ မဖြစ်အောင်၊ ဆေးရုံမတက်ရအောင် ၈၀ ရာခိုင်နှုန်းနီးပါးအထိ ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
ကိုဗစ်ကာကွယ်ဆေးတွေ ထပ်မံရောက်ရှိလာရင် အသက် ၆၀ နဲ့ အထက်၊ အသက် ၅၅ နှစ်နဲ့ အထက် ဆိုပြီး အသက်အပိုင်းအခြား လျှော့ပြီး ထိုးနှံပေးမှာလို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဘယ်လို ကာကွယ်ဆေးထိုးနှံမှာလဲ ဆိုတာတော့ ကာကွယ်ဆေး ထိုးနှံမှုခံယူမယ့်သူက ဆုံးဖြတ်ရမှာပါ။ တစ်ဦး၊တစ်ယောက်ချင်းစီရဲ့ အသိရှိရှိ၊ သတိကြီးကြီးနဲ့ စည်းကမ်းလိုက်နာမှု အားကောင်းမှသာ ကိုဗစ်-၁၉ရောဂါကူးစက်ခံရမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကူးစက်မှုနှုန်း အနည်းငယ်ကျဆင်းလာတယ်လို့ ခန့်မှန်းချက်တွေ တွေ့ရှိရပေမယ့် ကိုဗစ်နဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေကို ဆက်လက်လိုက်နာပြီး မိမိရဲ့ကျန်းမာရေးကိုရော၊ အများပြည်သူတို့ရဲ့ ကျန်းမာရေးကိုပါ ဆက်လက်ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်နေဆဲဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။

ဆောင်းပါးမှာပါဝင်တဲ့ အချက်အလက်နဲ့ရေးသားချက်တွေဟာ ဆောင်းပါးရှင်ရဲ့ အာဘော်ဖြစ်ပြီး VOM(Voice Of Myanmar)ရဲ့ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါတယ်။

#voiceofmyanmar #VOM #ကိုဗစ် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW